စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေးဆုံးဖြတ်လိုက်ရတာဟာ ဖိအားတွေ များတာကြောင့်နဲ့ အင်အားပြန်စုစည်းဖို့အတွက်နားတာလို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်က သူ့ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ရက်ကနေ ပြောပါတယ်။
တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်တို့မှာ စစ်ကောင်စီနဲ့ (TNLA) တို့အကြား တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပြီးတဲ့နောက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ကြာတာဖြစ်ပြီး မိုးကုတ်နဲ့ မိုးမိတ်တို့ကနေလည်း ဆုတ်ခွာဖို့ သဘောတူခဲ့ရတာပါ။
ဗိုလ်ချုပ်တာဘုန်းကျော်က "လေယာဉ်ဗုံးကြဲဒဏ် ငါတို့တွေအတူခံနေကြရတာပဲ။ ဒရုန်းမိုးရွာဒဏ် ငါတို့အတူခံကြရတာပဲ။ ဘာမဆိုလုပ်ရဲတယ်ဆိုသူရဲ့ ငံကျိကျိ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲကို ငါတို့က ဘာအဓိပ္ပါယ်ဖွင့်စရာလိုမှာလဲ။ ဒီကစားပွဲမှာ နားချိန်တန်လို့ နားတာ၊ ဖိအားများလို့နားတာ၊ အားပြန်စုဖို့နားတာ၊ စမတ်ကျတဲ့ခေတ်ကြီးမှာ ငါတို့တော်လှန်ကြတာ အားလုံးဟာ အမြင့်ကို ပျံတက်၊ ငါတို့လိုချင်တာ လက်ရခူးဆွတ်ဖို့ပဲလေ"လို့ ပြောပါတယ်။
အပစ်ရပ်ဆုံးဖြတ်ချက်က ပြင်းထန်မြန်ဆန်တာကြောင့် ပေါက်ကွဲခံစားကြတာကို နားလည်တယ်လို့လည်း ဗိုလ်ချုပ်တာဘုန်းကျော်က ပြောပါတယ်။
လက်ရှိမှာတော့ TNLA က ပြန်ဆုတ်ခွာခဲ့မြို့တွေကို မိတ်ဖက်တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်နေရာယူထား ကြပါတယ်။






