
အာဏာသိမ်းစစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲကို ဝေဖန်ရေးသားခဲ့တဲ့ ကမာရွတ်၊ ဒလ၊ ပုသိမ်၊ ဝါးခယ်မ၊ ဘားအံနဲ့ တောင်ကြီးမြို့နယ်က အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၃ ယောက် စုစုပေါင်း ၇ ယောက်ကို ရွေးကောက်ပွဲဥပဒေနဲ့ ထပ်မံအမှုဖွင့်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်၊ ကမာရွတ်မြို့နေ မဂျူးရတီကို နိုဝင်ဘာ ၂ ရက်က ဖမ်းဆီးခဲ့ပြီး ဒလမြို့နယ်၊ ရခိုင်ချောင်ကျေးရွာနေ ကိုကျော်သီဟန်ကို အောက်တိုဘာ ၃၁ ရက်က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“ကမာရွတ်က ကောင်မလေးက ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရွေးကောက်ပွဲဇာတ်လမ်းကို ဝေဖန်လို့ ဖမ်းတာ၊ ဒလမြို့နယ်ကျတော့ ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌက မဲစာရင်းမပါလို့ အိမ်သွားပြောတဲ့အချိန်မှာ မျက်နှာကို လက်သီးနဲ့ ထိုးလွှတ်လိုက်လို့ ဖမ်းတာ။”
ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားကို ဝေဖန်ခဲ့တဲ့ ပုသိမ်မြို့နယ်၊ အမှတ် ၅ ရပ်ကွက်နေ မကျော့ဆုလာဘ်ကို နိုဝင်ဘာ ၂ ရက်က ဖမ်းဆီးခဲ့ပြီး ဝါးခယ်မမြို့နယ်၊ အောင်လှိုင်ကြီးကျေးရွာနေ မောင်မျိုးမင်းဆွေကို အောက်တိုဘာ ၂၄ ရက်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဝါးခယ်မမြို့ခံတယောက်က “မျိုးမင်းဆွေက ရန်ကုန်က ပြန်လာတဲ့အချိန် ထော်ကနွတ် စစ်ဆေးရေးဂိတ်မှာ စစ်တပ်က ဖုန်းကိုစစ်ပြီး ဖမ်းသွားတာ။ သတင်းဌာနက သတင်းတွေ ပြန် Share ထားတာတွေ့လို့ ဖမ်းသွားတာ။ ၁ ရက်နေ့က ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်လိုက်တာ” လို့ DVB ကို ပြောပါတယ်။
အလားတူ နိုဝင်ဘာ ၂ ရက်က ဘားအံမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ဓာတ်ပုံ ဆွဲဖြဲခဲ့တယ်လို့ စွပ်စွဲကာ ကိုထွန်းထွန်းဝင်းနဲ့ အသက် ၁၅ နှစ်အရွယ် မောင်ဖြိုးမင်းသန့် တို့ကိုလည်း ဖမ်းဆီးပြီး ရွေးကာဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၃၁ ရက်က တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ နယ်မြေ ၉ နေ မသန်းသန်းစိုး (ခ) ဟန်နီလင်းကို ဖမ်းဆီးပြီး ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၃၀ ရက်က စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ အမျိုးသား ၈၅ ယောက်နဲ့ အမျိုးသမီး ၃ ယောက်၊ စုစုပေါင်း ၈၈ ယောက် ရှိတဲ့အတွက် အခုဆို ဖမ်းဆီးခံရသူ အားလုံးပေါင်း ၁၀၂ ယောက် ရှိပြီဖြစ်ပြီး အဲဒီထဲက တောင်ကြီးမြို့က ကိုနေသွေးကို စက်တင်ဘာ ၉ ရက်မှာ ထောင်ဒဏ် ၇ နှစ် ချထားပါတယ်။




