
စစ်တပ်ရဲ့ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားအပေါ် ဝေဖန်တာကို ထောက်ခံတဲ့ ရုပ်ရှင်ဒါရိုက်တာ ၂ ယောက်ကို ဖမ်းဆီးလိုက်ပြီး ပြစ်မှုဆိုင်ရာဥပဒေနဲ့ပါ အရေးယူမယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၃၁ ရက်ညမှာ ထုတ်ပြန်ပါတယ်။
‘ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ’ ဆိုတဲ့ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းနဲ့ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတွေကို လူမှုကွန်ရက်မှာ ဝေဖန်ရေးသားတာကို ထောက်ခံတယ်ဆိုပြီး ဒါရိုက်တာသက်လွင် (ခ) ဇမ္ဗူထွန်းသက်လွင်နဲ့ ဒါရိုက်တာအောင်ချမ်းလူ (ခ) အေးချမ်းအောင်တို့ကို သူတို့နေအိမ်တွေကနေ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
သူတို့ဟာ စစ်တပ်က အာဏာသိမ်းတာကို မထောက်ခံတဲ့အပြင် စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် သူတို့တတ်ကျွမ်းတဲ့ အနုပညာကဏ္ဍနဲ့ ပူးပေါင်းပါဝင်တာ မရှိကြောင်း၊ တတပ်တအား ပူးပေါင်းပါဝင်သူတွေကို ပြည်ပရောက်နေသူ တွေက လူမှုကွန်ရက်ကနေ ဝေဖန်တဲ့အပေါ် ထောက်ခံအားပေးခဲ့တာကို စိစစ်တွေ့ရှိရတယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ ပုံတွေမှာတော့ ဒါရိုက်တာ အောင်ချမ်းလူရဲ့ ‘ရောင်နီလာတော့မယ်’ ဆိုတဲ့ ၂၀၂၁ ခုနှစ်က ပို့စ်၊ သတင်းဌာနနဲ့ တော်လှန်ရေးထောက်ခံသူတွေရဲ့ ပို့စ်တချို့မှာ အသည်းပုံ Reaction ပေးထားတာတို့ကို တွေ့ရပါတယ်။
သူတို့ကို ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေ အပါအဝင် ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ အရေးယူမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၂၉ ရက်ကလည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားကို ဝေဖန်ခဲ့တဲ့ ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။


