Home
မြန်မာသတင်း
ရွေးကောက်ပွဲဝါဒဖြန့်ရာ၌ အနုပညာရှင်အားလုံးပါဝင်ရန်နှင့် ငြင်းဆန်ပါက အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
DVB
·
October 31, 2025

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ‌ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝါဒဖြန့် ရိုက်ကူးမှုတွေမှာ နာမည်ကြီး အနုပညာရှင် သရုပ်ဆောင်တွေ အားလုံး ပါဝင်ရမှာဖြစ်ပြီး မပါဝင်ပါက ငြင်းဆန်သူ အားလုံးကို အရေးယူသွားမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ အနုပညာအသိုက်အဝန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အေးကြွယ်က ရန်ကုန်မြို့၊ ရွှေတောင်ကြားမှာရှိတဲ့ ရုပ်ရှင်လုပ်ငန်းရုံးမှာ အနုပညာရှင်တွေကို ခေါ်ယူပြီး အောက်တိုဘာ ၃၀ ရက်မှာ တွေ့ဆုံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေ မရိုက်တော့တဲ့ နာမည်​ကျော် သရုပ်​ဆောင်တွေ အပါအဝင် နာမည်ကြီးသရုပ်ဆောင် အနုပညာရှင်အားလုံး စစ်တပ်​ရွေး​ကောက်ပွဲအတွက် ​ကမ်ပိန်းတွေ၊ ​ကြွေး​ကြော်သံ​တွေ စတဲ့ ဝါဒဖြန့်မှု​တွေမှာ ပါဝင်ရိုက်ကူး​ပေးရမှာဖြစ်ပြီး ငြင်းဆန်သူအားလုံးကို အထက်အမိန့်အရ အရေးယူမယ်ဆိုပြီး ဦးအေးကြွယ်က ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ နီးစပ်သူက ပြောပါတယ်။

“လူထုနဲ့အတူ ဆန္ဒပြထုတ်ဖော်မှုတွေကြောင့် ထောင်ကျခဲ့ပြီး လွတ်ငြိမ်းနဲ့ လွတ်လာတဲ့ နာမည်ကြီး သရုပ်ဆောင် အနုပညာရှင်တွေ အားလုံး ပါဝင်ရမယ်။ မပါရင် ငြင်းဆန်သူ အားလုံးကို အထက်အမိန့်အရ အားလုံးကို အရေးယူမှာဖြစ်တယ်။ လုပ်ရမှာက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကမ်ပိန်းစာသားကို တယောက်ချင်းစီ ပြောရမယ်။ ရိုက်ကူးရေးကို စကမ ဘက်ကရိုက်ပြီး သူတို့  သတင်းနဲ့ ဖျော်ဖြေရေး platform အားလုံးမှာ ထုတ်လွှင့်မယ်။ တချို့က ကိုယ်တိုင်ရိုက်ပြီး  သူတို့ဆီကို ပို့ပေးရမှာဖြစ်တယ်။”

ဒီလို ကမ်ပိန်းစာသား ရွတ်ဆိုတာတွေကို နိုဝင်ဘာလမှာ စတင်ရိုက်ကူးသွားမယ်လို့လည်း သိရပြီး ဒါဟာ ရုပ်ရှင်ဇာတ်လမ်းတိုမျိုး မဟုတ်ဘဲ သရုပ်ဆောင် တယောက်ချင်းစီကို ရွေးကောက်ပွဲကမ်ပိန်း စာသားတွေကို ရွတ်ဆိုခိုင်းတဲ့ ဗီဒီယို ရိုက်ကူးရေး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲအကြောင်း ဝါဒဖြန့်ရိုက်ကူးထားတဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းတိုနဲ့ ဇာတ်လမ်းမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေကို လူမှုရေးပြစ်ဒဏ် ပြုလုပ်တာနဲ့ သပိတ်မှောက်တာ ပြင်းထန် ထိရောက်သွားတဲ့အတွက် အခုလို အနုပညာရှင်အားလုံးကို​ မလာမ​နေရ  အ​ရေး​ပေါ်အစည်းအ​ဝေး​ခေါ်​ပြီး ဖိအားပေး ခြိမ်း​​ခြောက်ခဲ့တာလို့လည်း အနုပညာရှင် အသိုက်အဝန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

အနုပညာရှင်တယောက်ကလည်း “သူတို့ အခု ခေတ်သမိုင်းကို ဒုန်ဆိုင်းမည့်သူများ ဆိုတဲ့ ရွေးကောက်ပွဲ ကမ်ပိန်းဇာတ်ကားမှာ လူထုတုံ့ပြန်မှုနဲ့ Boycott မှာ လူထုဘက်က အောင်မြင်ခဲ့တဲ့အတွက် လူထုနဲ့ပါ လှည့်ပြီး ရန်တိုက်ပေးတာဖြစ်တယ်” လို့ ပြောပါတယ်။

ဒီဇာတ်လမ်းကို ဝေဖန်ခဲ့လို့ဆိုပြီး ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့ပြီး ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေနဲ့ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၉ ရက်‌ညက လူငယ်ဒါရိုက်တာ အောင်ချမ်းလူလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ နီးစပ်သူတယောက်က ပြောပါတယ်။

ခေတ်သမိုင်းကို ဒုန်ဆိုင်းမည့်သူများ ဆိုတဲ့ ရွေးကောက်ပွဲ ဝါဒဖြန့် ဇာတ်လမ်းနဲ့ ဆက်စပ်ပြီး အဆိုတော် ရန်ရန်ချမ်းက ရေးသားခဲ့တဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်ကို ဒါရိုက်တာ အောင်ချမ်းလူက Love React ပေးခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာလို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ထောက်ခံအားပေးကူညီပြီး ဝါဒဖြန့်ဖို့ ကူညီပေးခဲ့တဲ့ သရုပ်ဆောင်တွေကို သပိတ်မှောက်ပြီး လူမှုရေးပြစ်ဒဏ် ပြင်းပြင်းထန်ထန် ပြုလုပ်ကြဖို့အပြင် UG အဖွဲ့တွေ အနေနဲ့လည်း ပြင်းပြင်းထန်ထန် စတင်အရေးယူမယ်လို့ Yangon Army (YA)၊ Dark Shadow၊ Operation Flame (OF)၊ Mother Son Yangon Force နဲ့ Broken System စတဲ့ မြို့ပြတော်လှန်ရေး အဖွဲ့တွေကလည်း အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်ထားပါတယ်။

မြတ်သဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024