Home
အနုပညာ
ထိုင်းတွင် “ဗြောသံ”ရုပ်ရှင် အပါအဝင် Boycott အနုပညာရှင်များကို ဆန့်ကျင်မှု ထိရောက်
DVB
·
October 30, 2025

ထိုင်းနိုင်ငံ မဟာချိုင်မှာ သရုပ်ဆောင် နေဝင်း ပါဝင်တဲ့သရုပ်ဆောင်ထားတဲ့ “ဗြောသံ” ရုပ်ရှင်ကား အပါအဝင် Boycott အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုတွေကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တာ ထိရောက်တယ်လို့ ထိုင်းရောက် မြန်မာတွေဆီက သိရပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် နေဝင်းကို Boycott (သပိတ်မှောက် ဆန့်ကျင်) တဲ့ အနေနဲ့ သူပါဝင်ထားတဲ့ “ဗြောသံ” ရုပ်ရှင်ကို ထိုင်းနိုင်ငံ၊ မဟာချိုင်မှာ လာရောက်ပြသတာကို ထိုင်းရောက်မြန်မာတွေက သွားမကြည့်ကြကြောင်းနဲ့ ဒီလို ဆန့်ကျင်တဲ့ လှုပ်ရှားမှု အောင်မြင်ကြောင်း မဟာချိုင်ရောက် မြန်မာအသိုက်အဝန်းဆီက သိရပါတယ်။

“ဗြောသံ” ရုပ်ရှင်ကို လာကြည့်ဖို့ လူမှုကွန်ရက်မှာ ကြော်ငြာပေးသူတွေ၊ ရုပ်ရှင်မှာပါဝင်တဲ့ သရုပ်ဆောင်တွေနဲ့ ဓာတ်ပုံတွဲရိုက်ကြတဲ့ အွန်လိုင်း ဆယ်လီတွေကိုပါ Boycott ကြဖို့ လှုံ့ဆော်တာတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အချိန်ကိုက် ထွက်ရှိခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲ ဝါဒဖြန့်  “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်ကားကြောင့် Boycott အရှိန်က ပိုမြင့်လာတာဖြစ်ပါတယ်။

AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက “စိတ်ဝင်စားမှုက တော်တော်ကို နည်းသွားပြီ။ ကြည့်တဲ့သူလည်း ပါးသွားပြီ။ တော်တော်များများက ဒါ အချိန်ကိုက် ဖြစ်သွားလို့။ တကယ်လို့သာ ပြည်တွင်းကနေ လှုံ့ဆော်မှုက နောက်ကျမယ်ဆိုရင် ဒီကားကို ထိုင်းကလူတွေက ကြည့်ဖြစ်ဦးမှာ။ တပြိုင်တည်းဖြစ်သွားတော့ ပိုဆိုးသွားတာ။ Boycott လုပ်ပြီး မသွားကြတော့တာ။ သူတို့ ပတ်သက်တဲ့ စားသောက်ဆိုင်တွေ၊ သူတို့နဲ့ပတ်သက်တဲ့ ဆယ်လီတွေတောင် Unfriend လုပ်လိုက်ကြတယ်။ တော်တော်ထိရောက်တယ်။ ဒီပွဲက တော်တော်ထိရောက်တယ်” လို့ ပြောပါတယ်။

ဗြောသံ ရုပ်ရှင်ကို ပရိုမိုးရှင်း လုပ်ဆောင်ခဲ့တဲ့ အွန်လိုင်းဆယ်လီတွေ၊ စားသောက်ဆိုင်တွေက လူမှုကွန်ရက်မှာ ပရိသတ်တွေကို ပြန်လည်တောင်းပန်တာတွေ လုပ်ဆောင်ခဲ့ပြီး နောက်တကြိမ် စစ်တပ်ထောက်ခံတဲ့ အနုပညာရှင်တွေနဲ့ ပတ်သက်တာမျိုး မလုပ်ဆောင်တော့ဘူးလို့ ထုတ်ပြန် ပြောဆိုတာတွေလည်း ရှိနေပါတယ်။

အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “ထိုင်းနိုင်ငံထဲမှာ ဒီလောက် ဒုက္ခသုတ်ခတွေ ဖြစ်နေတဲ့အချိန်မှာ သူတို့ တကိုယ်ရေ ကောင်းစားဖို့ သူတို့ ဝမ်းရေးအတွက်၊ ပိုက်ဆံရှိတဲ့ အဆိုတော်တွေ၊ ပိုက်ဆံရှိတဲ့ ဘောမ အသိုင်းအဝိုင်းတွေက သူတို့ တကိုယ်စာ ဝမ်းရေးအတွက်၊ တကိုယ်စာ အတ္တအတွက် လာလုပ်ကြတဲ့ပွဲတွေ ဖြစ်တယ်။ ပြီးတော့ ထိုင်းနိုင်ငံမှာ အကြမ်းဖက် စစ်အုပ်စုကို တော်လှန်နေတဲ့ ထောက်ပို့တွေ အများဆုံးရှိတဲ့ ထိုင်းနိုင်ငံမှာ စောက်ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံနဲ့ လာလုပ်ကြတာ ဖြစ်တယ်။ ဒါကို ပြင်းပြင်းထန်ထန် Boycott လုပ်ရမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

ထိုင်းရောက် မြန်မာတွေအနေနဲ့ စစ်တပ်ထောက်ခံတဲ့ အနုပညာရှင်တွေ၊ ရေပေါ်ဆီတွေကို Boycott နဲ့ Social Punishment ထိထိရောက်ရောက် လုပ်ဆောင်ကြဖို့လည်း တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းပါတယ်။

ထိုင်းရောက် CDM တယောက်က “ကျနော်တို့ကတော့ ပြတ်သားတယ်။ ဒီလိုမျိုးဟာတွေကို အားမပေးဘူး။ ဒီလိုမျိုး စစ်အာဏာရှင် လက်အောက်မှာ နေပြီးတော့ သူတို့အလိုကျ နေထိုင်ပြီး အလျင်းသင့်သလို ဒီဘက်မှာ ငွေရှာမယ်ဆိုတဲ့ အဲ့အချိုးတွေနဲ့ဆိုတော့ ကိုယ့်လုပ်အားခကို ကိုယ်တန်ဖိုးထားဖို့ ကျနော်က ပြောချင်တယ်။ ပြီးတော့ စစ်အာဏာရှင်လက်အောက်မှာ ရှိနေတဲ့ လူတွေကို အလုပ်အကျွေးပြုတာမျိုး မဖြစ်အောင် သတိနဲ့ ရှောင်သင့်တယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေ မတည်ငြိမ်တာနဲ့ စီးပွားရေး ကျဆင်းတာတွေကြောင့် ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာတဲ့ မြန်မာအရေအတွက် တိုးလာပြီး ထိုင်းနိုင်ငံ နေရာအနှံ့မှာ နေထိုင်ကြတဲ့ မြန်မာ ၆ သန်းနီးပါး ရှိတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ခန့်မှန်း ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ အနုပညာရှင်တွေကလည်း မြန်မာတွေ အများဆုံးရှိတဲ့ မဟာချိုင် အပါအဝင် ဘန်ကောက်၊ ချင်းမိုင်နဲ့ မဲဆောက်တို့မှာလည်း ဖျော်ဖြေပွဲတွေ၊ ရုပ်ရှင်ပြသတာတွေ လုပ်ဖို့ ကြိုးပမ်းနေပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013