Home
မြန်မာသတင်း
ထိုင်းတွင် တရားမဝင်ဟိုတယ်ဖွင့်သည့် နိုင်ငံခြားသားများနှင့် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ 
DVB
·
October 30, 2025
Photo: khaosod

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော်ဖငန်းမြို့ထဲမှာ အောက်တိုဘာ ၂၉ ရက်က တရားမဝင်လုပ်ငန်းတွေ ဝင်ရောက်စစ်ဆေးစဉ် တရားမဝင် ဟိုတယ်၊ တည်းခိုခန်းနဲ့ စားသောက်ဆိုင်ဖွင့်ထားတဲ့ နိုင်ငံခြားသားတွေ ဖမ်းဆီးခံရသလို အဲဒီက မြန်မာရွှေ့ပြောင်းလုပ်သား တွေလည်း ဖမ်းဆီးခံရတယ်လို့  ထိုင်းသတင်းတွေအရ သိရပါတယ်။ 

နိုင်ငံခြားခရီးသွားဧည့်သည်တွေ အလာများတဲ့ အဆိုပါ ကော်ဖငန်းကျွန်းမြို့ပေါ်မှာ နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေလည်း ရာနဲ့ချီရှိနေပြီး ဥပ‌ဒေနဲ့ ညီညွတ်မှုရှိမရှိကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက  လွန်ခဲ့တဲ့ သီတင်းပတ်တွေကတည်းက အလျဉ်းသင့်သလို ဝင်ရောက်စစ်ဆေးနေတာမှာ အောက်တိုဘာ ၂၉ ရက် ညနေကလည်း နေရာ ၂ ခုကို  ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ 

ကော်ဖငန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဦးစီးမှူး၊ ကမ္ဘာလှည့်ခရီးသွားဆိုင်ရာရဲတပ်ဖွဲ့၊ လဝက နဲ့ နယ်မြေခံရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မနေ့ နေ့လယ် ၂ နာရီခွဲလောက်က ကော်ဖငန်းရပ်ကွက်အတွင်းရှိ ဟိုတယ်၊ ဧည့်ရိပ်သာ နဲ့ စားသောက်ဆိုင်တို့ကို သွားရောက်စစ်ဆေးခဲ့ ပါတယ်။ 

စစ်ဆေးချက်အရ  The 10 club hostel မှာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိတာကြောင့် ပိုင်ရှင်အမည်ခံ အသက် ၃၄ နှစ်ရွယ် ထိုင်းအမျိုးသမီးတယောက်၊ ဟိုတယ်တာဝန်ရှိ အသက် ၃၇၊ ၃၁ နဲ့ ၃၀ အရွယ် စပိန်နိုင်ငံသား ၃ ယောက်တို့ကို လုပ်ငန်းလိုင်စင်မရှိဘဲ ဟိုတယ်ဖွင့်ထားမှု၊ နိုင်ငံခြားသားတွေအတွက် တားမြစ်ထားတဲ့ အလုပ်မှာ ဝင်ရောက်လုပ်ကိုင်မှု၊ ခွင့်ပြုချက်မရဘဲ အလုပ်ဝင်လုပ်မှု၊ အထောက်အထားမပြည့်စုံတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ငှားရမ်းခန့်ထား မှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အဆိုပါဟိုတယ်မှာ အောက်ခြေသိမ်းအလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၅ ယောက်တို့မှာလည်း အလုပ်တည်နေရာပြောင်းတာ၊ အလုပ်ရှင်ပြောင်းတာတွေကို အလုပ်သမားရုံး သို့ သတင်းပို့ဖို့ ပျက်ကွက်မှုနဲ့ အရေးယူခံရမယ်လို့  တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။  

ညနေ ၄ နာရီခွဲလောက်မှာတော့ ရပ်ကွက် ၁ ထဲက  Kiko Hostel တည်းခိုခန်းကို သွားရောက်စစ်ဆေးခဲ့တယ်၊ အဆိုပါ တည်းခိုခန်းမှာ မှတ်ပုံတင်ထားပေမဲ့ သက်တမ်းကုန်ဆုံး နေတာကြောင့် အသက် ၃၁ နှစ်ရွယ် ထိုင်းအမျိုးသားတယောက်ကို ခွင့်ပြုချက်မရှိဘဲ တည်းခိုခန်း ဖွင့်လှစ်မှု၊ အထောက်အထားမပြည့်စုံသော နိုင်ငံခြားသားတွေကို ငှားရမ်းခန့်ထားမှုနဲ့ အရေးယူထားပြီး ၂၈ နှစ်ရွယ် အာဂျင်တီးနားနိုင်ငံသားတယောက် နဲ့ ၂၁ နှစ်အရွယ် ပိုလန်နိုင်ငံသား တယောက်တို့မှာ ခွင့်ပြုချက်မရှိ (အလုပ်သမားကတ်မရှိ) ပဲ ဝင်ရောက်လုပ်ကိုင်မှု၊ ဥပဒေအရ တားမြစ်ထားတဲ့လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်မှုတွေနဲ့  အရေးယူခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါကော်ဖငန်းကျွန်းမြို့ပေါ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်ကလည်း ထိုင်းလူမျိုး အမည်ခံ ရီးဆောတ် (ပန်းခြံဟိုတယ်) ဖွင့်ထားတဲ့ ပြင်သစ်နိုင်ငံသားတယောက်၊ အစ္စရေး နိုင်ငံသားတယောက်၊  My Thai guest house ပိုင်ရှင် ဂျာမဏီနိုင်ငံသားတယောက်နဲ့  တရားမဝင် မြန်မာ ရွှေ့ပြောင်းလုပ်သား ၂ ယောက်တို့ ဖမ်းဆီးခံရပါသေးတယ်။ 

Source - Khaosod / Daily News / Top News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013