
ကမ္ဘောဒီးယား-ထိုင်း ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပွဲမှာ ကြားဝင်ဖျန်ဖြေသူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကုလသမဂ္ဂကို အောက်တိုဘာ ၂၆ ရက်မှာ အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။
ကမ္ဘာ့အဖွဲ့အစည်းက လုပ်ခဲ့သင့်တာ ဖြစ်ပေမဲ့ သူတို့က အရေးယူဆောင်ရွက်ခြင်း မရှိဘူးလို့လည်း စွပ်စွဲခဲ့ပါတယ်။
“ကုလသမဂ္ဂက ဘာမှမလုပ်ဘူး” လို့ ထရမ့်ပ်က ပြောရင်း ငြိမ်းချမ်းရေး ကြိုးပမ်းချက်တွေကို မထောက်ပံ့တဲ့အတွက် ကုလအဖွဲ့အစည်းကို ဝေဖန်ပြောကြားခဲ့တာပါ။
ထရမ့်ပ်ရဲ့ ပြင်းထန်တဲ့ မှတ်ချက်တွေဟာ သမိုင်းဝင် သဘောတူညီချက်ကို လွယ်ကူချောမွေ့အောင် လုပ်ရာမှာ သူ့ရဲ့ ကိုယ်ပိုင်အခန်းကဏ္ဍကို မီးမောင်းထိုးပြခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ “မျိုးဆက်များစွာအတွက်” ဒေသတွင်းအတွက် အားကောင်းတဲ့ မိတ်ဖက်တဦး ဖြစ်လာမယ်လို့လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အရှေ့တောင်အာရှ ခေါင်းဆောင်တွေကို အောက်တိုဘာ ၂၆ ရက်မှာ ပြောခဲ့ပါတယ်။
မလေးရှားမြို့တော် ကွာလာလမ်ပူမှာ ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ထရမ့်ပ်က အမေရိကန်ပြည်ထောင်စုဟာ ရွှေခေတ်ကို ဖြတ်သန်းနေတယ်လို့ ပြောခဲ့တာပါ။
ထရမ့်ပ်က “အရှေ့တောင်အာရှနိုင်ငံတွေအတွက် ကျနော့်ရဲ့ သတင်းစကားက အမေရိကန်ပြည်ထောင်စုဟာ ခင်ဗျားတို့နဲ့အတူ ၁၀၀ ရာခိုင်နှုန်း ရှိနေတယ်။ ကျနော်တို့က မျိုးဆက်များစွာအတွက် အားကောင်းတဲ့ မိတ်ဖက်တဦးဖြစ်ဖို့ ရည်ရွယ်ထားတယ် ဆိုတာပါပဲ” လို့ ပြောပါတယ်။
ထရမ့်ပ်ဟာ အာရှခရီးစဉ်ရဲ့ ပထမဆုံးခရီးစဉ်အဖြစ် မလေးရှားနိုင်ငံဆီ ရောက်နေပြီး ဇူလိုင်လမှာ ၅ ရက်ကြာ နယ်စပ်ပဋိပက္ခကို အဆုံးသတ်ဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားမှာ ကြားဝင် ညှိနှိုင်းပေးခဲ့တာပါ။
ပိုကျယ်ပြန့်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ လက်မှတ်ရေးထိုးတာကိုလည်း သက်သေပြုခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကက်ကယောက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ရှေ့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ပိုကောင်းအောင် ပြင်ဆင်ထားတဲ့ ကမ္ဘောဒီးယား-ထိုင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ငြိမ်းချမ်းရေးဆီ ဦးတည်တဲ့ လမ်းကြောင်းတခုလို့ ခေါ်ဆိုခဲ့ပြီး အမေရိကန်သမ္မတရဲ့ ပါဝင်ပတ်သက်မှုကို အောက်တိုဘာ ၂၆ ရက်မှာ ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။
သူက ပုဂ္ဂိုလ်ရေးအရ အာရုံစိုက်မှု ပေးခဲ့ပြီး “မလေးရှားနဲ့ ကျနော်တို့ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးမှုတွေ လွယ်ကူချောမွေ့စေဖို့ ဒေသတွင်းကို အဖွဲ့တဖွဲ့ စေလွှတ်ခဲ့တယ်” လို့ ဆီဟာဆတ်က အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
သဘောတူညီချက်ရဲ့ စည်းကမ်းချက်တွေကို အာဆီယံ စောင့်ကြည့်အဖွဲ့ရဲ့ ကြီးကြပ်မှုအောက်မှာ အကောင်အထည်ဖော်မယ်လို့ ယုံကြည်တဲ့အကြောင်း ဆီဟာဆတ်က ထပ်လောင်းပြောခဲ့ပါတယ်။
Source: Reuters




