Home
နိုင်ငံတကာ
ထိုင်းတွင် အွန်လိုင်းလိမ်လည်သူ ၇၃  ဦးဖမ်းမိ၊ ဘတ်သန်းပေါင်း ၁,၄၀၀ ကျော် ဆုံးရှုံး 
DVB
·
October 28, 2025
Photo: mgronlin

ထိုင်းနိုင်ငံမှာ အွန်လိုင်းလိမ်လည် ကျားဖြန့်တွေကို အရှိန်အဟုန်နဲ့ နှိမ်နင်းနေတာမှာ တလနီးပါးအတွင်း တရားခံပေါင်း ၇၃ ယောက် ဖမ်းဆီးရမိပြီး အလိမ်ခံရသူတွေဘက်က ဘတ်ငွေ သန်းပေါင်း ၁,၄၀၀ ကျော်ဆုံးရှုံးခဲ့တယ်လို့ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)နဲ့ ဒစ်ဂျစ်တယ်လ်စီးပွားရေးနဲ့ လူမှုရေးဝန်ကြီးဌာန (MED) က အောက်တိုဘာ ၂၇ ရက် ပူးတွဲသတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အောက်တိုဘာ ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း အွန်လိုင်းလိမ်လည်မှုနဲ့  Sim box တွေကို လိုက်လံစစ်ဆေးနှိမ်နင်းရာမှာ အွန်လိုင်းလိမ်လည်မှုကျူးလွန်သူ စုစုပေါင်း ၇၃  ယောက်ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ ထိုင်းနိုင်ငံသား ၅၁ ယောက်နဲ့ နိုင်ငံခြားသား ၂၂ ယောက်ပါဝင်ပြီး အလိမ်ခံရသူတွေမှာ ဘတ်ငွေသန်းပေါင်း ၁,၄၀၀ ကျော် ဆုံးရှုံးတယ်၊  တရားခံတွေရဲ့ ပိုင်ဆိုင်မှု စုစုပေါင်း ဘတ် ၅၂၂ သန်းဖိုး သိမ်းဆည်းခဲ့တယ်၊ အမှု ၇ မှုမှ သားကောင်ဖြစ်ခဲ့ရသူတွေကိုလည်း ကယ်တင်ခဲ့တယ်လို့   CIB ရဲချုပ် ကျီလဖုပ် ဖူရီ့ဒေချ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

အရေးပေါ်ဖုံးလိုင်း ၁၄၄၁ နဲ့  Thai Police Online သို့ ဆက်သွယ်တိုင်တန်းလာသူပေါင်း ၂၉၂၃၂ ယောက်ရှိပြီး ဆုံးရှုံးငွေ ဘတ် ၁၈၅၃ သန်းခန့်ရှိတယ်၊ အဲဒီထဲမှာ အွန်လိုင်းကနေ ပစ္စည်းလိမ်လည်ရောင်းချမှု ၁၄၈၉၂ မှု ၊  ကံကောင်းသူ ဆုကြီးရသူလို့ လိမ်လည်ပြီး ငွေတောင်းခံရတာက ၄၈၂၂ မှု ၊  အကြောင်းပြချက်အမျိုးမျိုးနဲ့ ငွေလွှဲခိုင်းတာက ၂၆၈၀ မှုရှိတယ်။ ဆုံးရှုံးငွေပမာဏအနေနဲ့  အွန်လိုင်းကနေရင်းနှီးမြုပ်နှံဖို့အလိမ်ခံရတာက ဘတ်သန်းပေါင်း ၅၀၄ သန်း ၊ဆုကြီးပေါက်တယ်လို့ပြောပြီး လိမ်ယူတာက ၄၂၈ သန်း၊ အပိုဝင်ငွေရမယ့်အလုပ်လုပ်ဖို့ ဆိုပြီးလိမ်လည်တာက ၃၂၉ သန်း ဆုံးရှုံးတယ်လို့ ဆိုပါတယ်။ 

ဒီအွန်လိုင်းရာဇဝတ်မှု နှိမ်နင်းရေးမှာ  ကိုးရီးယားသံရုံးနဲ့  နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ အောင်မြင်တယ်လို့ ပြောလို့ရပေမဲ့ ဆက်လက်ကြိုးစားရဦးမယ်၊ ဒီပြစ်မှုတွေထဲမှာ  မြို့တော်ရဲတပ်ဖွဲ့ နယ်မြေ - ၂ မှ  ဒုရဲမှူး  တယောက်၊ စုံစမ်းစစ်ဆေးရေးရဲအရာရှိ တယောက်တို့ဟာလည်း အမည်ခံဘဏ်ငွေစာရင်းဖွင့်ပေးတဲ့အမှုမှာ ပါဝင်ပတ်သက်နေတယ်၊ သူတို့ လုပ်ငန်းလည်ပတ်ငွေ ဘတ်သန်းပေါင်း ၁၀၀ ကျော်တယ်လို့ ဆိုပါတယ်။

အဆိုပါရဲ အရာရှိတွေက  စွဲဆိုချက်ကို ငြင်းပယ်ထားကာ အမှုနဲ့ပါဝင်ပတ်သက်ပါက အစိုးရဝန်ထမ်းပဲဖြစ်ဖြစ် ဥပဒေနဲ့အညီ အရေးယူရမှာဖြစ်သပြီး အာမခံတောင်ပေးမှာမဟုတ်ဘူးလို့  ရဲချုပ်က ပြောပါတယ်။ 

ခုရက်ပိုင်းတွင်း တဘက်နိုင်ငံ မြဝတီကနေ တာ့ခ်ခရိုင် မဲဆောက်မြို့ဘက်ကို  အွန်လိုင်းလိမ်လည်မှုဂိုဏ်းနဲ့ ပတ်သက်သူပေါင်း ၁၂၂၉ ယောက်ဝင်ရောက်လာတယ်ပြီး အဲဒီထဲမှာ ထိုင်းနိုင်ငံသား ၃၂ ယောက်ပါဝင်လာတယ်လို့ သိရပါတယ်။

ထိုင်းဘက်ကိုဝင်လာတဲ့ နိုင်ငံခြားသားတွေရဲ့ ကိုယ်ရေးရာဇဝင်ကို သူတို့ရဲ့  သက်ဆိုင်ရာနိုင်ငံနဲ့ ပူးပေါင်းပြီး အသေးစိပ်စစ်ဆေးနေတယ်၊ အွန်လိုင်းပလက်ဖောင်းပေါ်ကနေ လိမ်လည်မှုလျှော့ချဖို့   URL ပေါင်း  ၂၇၅၄ ကို ပိတ်သိမ်းခဲ့တဲ့အပြင် စကဲင်မာတွေ အလုပ်မလုပ်နိုင်အောင် Sim Box တွေကိုလည်း ဆက်လက်စစ်ဆေးသိမ်းဆည်းသွားမယ်လို့ဆိုပါတယ်။

ကမ္ဘောဒီးယားနယ်စပ် ဆလာကယောက်မြို့နယ်နဲ့ ဘန်ဘိုထောင်း၊ နွန်ထပူရီစတဲ့ခရိုင်က  Sim Box တွေ သိမ်းဆည်းခဲ့ပြီး ဒီပြဿနာဖြေရှင်းဖို့  ဆက်သွယ်ရေး ကြေးနန်းနဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ တယ်လီဖုန်းကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထိုင်းရဲချုပ်က ပြောသွားပါတယ်။

Source: MGROnline / Police TV 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013