Home
မြန်မာသတင်း
ရာဇဝတ်ပြစ်ဒဏ်ကျခံနေရသူများနှင့် တွေ့ခွင့်မပေးနိုင်ဟု  အာဆီယံကို စစ်ကောင်စီတုံ့ပြန်
DVB
·
October 30, 2025

နေပြည်တော်မှာ ဖမ်းဆီးအကျဉ်းချခံနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့  အာဆီယံဥက္ကဋ္ဌရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က တောင်းဆိုတဲ့ အပေါ်မှာ ရာဇဝတ်ပြစ်ဒဏ်ကျခံနေရသူတွေနဲ့ တွေ့ခွင့်မပေးနိုင်ဘူးလို့  စစ်ကောင်စီ ဘက်က တုံ့ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံမှာကျင်းပပြီးစီးသွားတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး  ဘုံသဘောတူညီချက် ၅ ရပ်အကောင်အထည်ဖော်ဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (စစ်ကောင်စီ)  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ပြောဆိုတာမှာ အခုလိုထည့်သွင်း ပြောကြားလိုက်တာဖြစ်ပါတယ်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက "အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်လာတိုင်းမှာ ကျနော်တို့အနေနဲ့ ဖြစ်နိုင်တဲ့ လိုက်လျောနိုင်တဲ့ သူတွေနဲ့ တွေ့ဆုံနိုင်ရေး အစိုးရအဖွဲ့တွေအပြင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံနိုင်ရေး ဆောင်ရွက်ပေးခဲ့ပါတယ်။ ရာဇဝတ်မှုနဲ့ ကျူးလွန်ပြီး ရာဇဝတ်ပြစ်ဒဏ်ခံနေရတဲ့ ထောင်ကျတွေနဲ့တော့ ကျနော်တို့ တွေ့ဆုံခွင့် ပေးနိုင်ချင်မှ ပေးပါမယ်။ ဘယ်နိုင်ငံမှာရော တွေ့ဆုံခွင့်ပေးပါလဲလို့ မေးခွန်း ထုတ်ချင်ပါတယ်"လို့  ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တနိုင်ငံရဲ့ပြည်တွင်းရေးကို တနိုင်ငံက မစွက်ဖက်တဲ့ အခြေခံမူကို လိုက်နာသင့်တယ်လို့လည်း ဆိုပါတယ်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက "အာဆီယံအဖွဲ့ဝင်တွေ အားလုံးရဲ့ လွတ်လပ်မှု အချုပ် အခြာအာဏာပိုင်ဆိုင်မှု တန်းတူရည်တူရှိမှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အမျိုးသားရေး လက္ခဏာတွေကို လေးစားလိုက်နာခြင်း၊ အာဆီယံအဖွဲ့ဝင်တွေရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိတဲ့ အခြေခံမူတွေကို အမြဲသတိပြုနိုင်ဖို့လိုမှာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ကြီး စတင်ဖွဲ့စည်းတဲ့အချိန်ကစပြီး အဖွဲ့ဝင်နိုင်ငံအားလုံးလက်ခံထားတဲ့ Charter ၊ ASEAN Way၊ ASEAN Spirit ကို လိုက်နာမယ်ဆိုရင် အာဆီယံအဖွဲ့ကြီး ပိုမိုစည်းလုံးအကျိုးဖြစ်စေထွန်းစေမှာဖြစ်မယ်လို့ ပြောကြားချင်ပါတယ်" လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ချမှတ်ခဲ့တဲ့ အာဆီယံဘုံသဘော တူညီချက် ၅ ချက်ကို လိုက်နာရန် ပျက်ကွက်မှုနဲ့ အာဆီယံအနေနဲ့ မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ ပါဝင် တက်ရောက်ခွင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၂၆ ရက်က   မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာကျင်းပပြီးစီးသွားတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာလည်း စစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေး တက်ရောက်ခွင့် ဆက်ပိတ်ခဲ့ပါတယ်။

ထိပ်သီး အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ လူသားချင်းစာနာမှု အခြေအနေတွေအပေါ် ဆွေးနွေးခဲ့ကြပြီး အရပ်သား ပစ်မှတ်ထား တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေကိုလည်း ရှုတ်ချပြီး အရပ်သားတွေရဲ့ လုံခြုံရေးကို အာမခံပေးဖို့နဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ စစ်ကောင်စီဘက်က အာဆီယံကို ဖိတ်ကြားထားပေမဲ့ ကိုယ်စားလှယ် စေလွှတ်မယ်၊ မစေလွှတ်ဘူး ဆိုတာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေး ထုတ်ပြန်ချက်မှာ တိတိကျကျ မဖော်ပြထားဘဲ မှတ်သားထားတယ်လို့သာ ဖော်ပြပါတယ်။

အက္ခရာစဉ်အရ မြန်မာအနေနဲ့ လာမယ့်နှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် ယူရမှာဖြစ်ပေမဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် မြန်မာကိုအလှည့်ကျော်လိုက်ပြီး  ဖိလစ်ပိုင်နိုင်ငံက အစားထိုး တာဝန်ယူမှာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013