Home
မြန်မာသတင်း
ပြည်တွင်း ပြည်ပ သတင်းမီဒီယာသမားများ ရွေးကောက်ပွဲသတင်းယူခွင့် လျှောက်ထားနိုင် 
DVB
·
October 30, 2025

စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြည်တွင်း ပြည်ပ သတင်းမီဒီယာသမားတွေ သတင်းယူနိုင်တယ်လို့ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတော့ ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူတွေ မစေလွှတ်ဘူးလို့ The Straits Times သတင်းက ဖော်ပြပါတယ်။

ပြည်တွင်းမီဒီယာတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်တွေမှာ မီဒီယာတခုကို သတင်းထောက် ၄ ယောက်နှုန်း သတင်းယူခွင့်ပြုမှာဖြစ်ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဆီမှာ လျှောက်ထားရမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာသတင်းဌာနတွေကတော့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနဆီကို လျှောက်ထားရမှာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက စိစစ်ထောက်ခံပေးတဲ့ သတင်းဌာန၊ သတင်းထောက်တွေကိုပဲ ခွင့်ပြုမယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်း၊ ပြည်ပ သတင်းဌာနနဲ့ သတင်းထောက်တွေဟာ ပြည်ပကို ထွက်ခွာသွားကြရပြီး ပြည်တွင်းသတင်းထောက်တွေကတော့ ဖိနှိပ်တာကို အများဆုံးခံခဲ့ရတယ်လို့ စင်ကာပူအခြေစိုက်  The Straits Times သတင်းစာက ရေးပါတယ်။

ပြင်သစ်အခြေစိုက် သတင်းဌာနဖြစ်တဲ့ AFP တခုတည်းပဲ မြန်မာနိုင်ငံမှာ ရုံးခွဲအပြည့်အစုံနဲ့ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အခုရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ဘူးလို့ သံတမန်သတင်းရပ်ကွက်တွေက AFP ကို ပြောကြားထားတယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း ဒီရွေးကောက်ပွဲကနေ ယုံကြည်စိတ်ချရတဲ့ ရလဒ်ထွက်လာဖို့ မဖြစ်နိုင်တာကြောင့် စောင့်ကြည့်သူတွေ မစေလွှတ်နိုင်ဘူးလို့ပြောကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတခုက အကြီးတန်းသတင်းထောက်တယောက်က “ဒီဖိတ်ကြားချက်ဟာ သူတို့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနေပါတယ်လို့ ကြွေးကြော်တဲ့ လုပ်ငန်းစဉ်ရဲ့တစိတ်တပိုင်းပါပဲ။ သူတို့နဲ့ ဆက်ဆံပြီး အန္တရာယ်တွေတော့ မလိုချင်ပါဘူး။ လွတ်လွတ်လပ်လပ် သတင်းယူဖို့လည်း မဖြစ်နိုင်ပါဘူး” လို့ AFP ကို ပြောကြောင်း The Straits Times က ဆိုပါတယ်။

အမေရိကန်အခြေစိုက် သတင်းထောက်များကာကွယ်ရေးကော်မတီ (CPJ) ရဲ့ အဆိုအရ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ သတင်းထောက်တွေကိုထောင်ချတဲ့ နိုင်ငံတွေထဲမှာ တတိယနေရာမှာ ရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်ပြီး ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြဖို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

စစ်တပ်ကတော့ ဒီရွေးကောက်ပွဲကို ရအောင်လုပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်နေပြီး ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013