
ရွေးကောက်ပွဲ အပိုင်း ၂ ကို လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပြုလုပ်မယ်လို့ စစ်တပ် ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၂ ကို မြို့နယ် ၁၀၀ မှာ ကျင်းပသွားမှာဖြစ်ပြီး ကချင်ပြည်နယ်မှာ မြို့နယ် ၃ ခု၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ မြို့နယ် ၂ ခု၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ မြို့နယ် ၁၁ ခု၊ တနင်္သာရီတိုင်းမှာ မြို့နယ် ၃ ခု၊ ပဲခူးတိုင်းမှာ မြို့နယ် ၁၂ ခု၊ မန္တလေးတိုင်းမှာ မြို့နယ် ၉ ခု၊ မွန်ပြည်နယ်မှာ မြို့နယ် ၅ ခု၊ ရန်ကုန်တိုင်းမှာ မြို့နယ် ၁၆ ခု၊ ရှမ်းပြည်နယ်မှာ မြို့နယ် ၁၇ ခု၊ ဧရာဝတီတိုင်းမှာ မြို့နယ် ၉ ခု တို့ ပါဝင်မှာ ဖြစ်ပါတယ်။
ဒီကြေညာထားတဲ့ မြို့နယ်တွေထဲ ကရင်နီပြည်နယ်က ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တို့ ပါဝင်လာပြီး လက်ရှိအချိန်မှာ ဒီးမော့ဆိုမြို့ရဲ့ နေရာတချို့ကို စစ်အုပ်စု ပြန်လည်ထိန်းချုပ်ထားပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ဖရူဆိုမြို့နယ်မှာ ဆိုရင်လည်း စစ်အုပ်စုက ဖရူဆိုမြို့ပေါ်ဧရိယာကိုသာ ထိန်းချုပ်ထားတာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့ မြို့တွင်းတိုက်ပွဲတွေ ဖြစ်ပွားနေကာ ဒေသခံပြည်သူတွေ ထွက်ပြေး တိမ်းရှောင်သွားတဲ့အတွက် စစ်တပ်တွေပဲ ကျန်ရှိနေမှာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၁၅ ရက်တာကာလအတွင်း တိုက်ပွဲပေါင်း ၅၀ ကျော်ဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်လည်း ပါဝင်ပြီး ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်၊ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ ဖာပွန်ခရိုင်အတွင်း ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကိုလည်း လေယာဉ်၊ ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။
မန္တလေးတိုင်း မတ္တရာမြို့နယ်လည်း ပါဝင်သလို အောက်တိုဘာလ ၂၆ ရက်က မတ္တရာမြို့နယ်မြောက်ခြမ်း အင်းတံခါးကျေးရွာနဲ့ တခြား နေရာတနေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော်တယောက် အပါအဝင် အရပ်သား ၄ ယောက် သေဆုံးခဲ့ပြီး ၈ ယောက် ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။
ကယား၊ မွန်နဲ့ မကွေးတို့ကတော့ အပိုင်း ၂ ကျင်းပပြီးချိန်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားတဲ့ မြို့နယ်တွေမှာ အကုန်ကျင်းပပြီးစီးသွားမှာပဲ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကို အပိုင်း ၂ ကျင်းပပြီးစီးချိန်ထိ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားတဲ့ မြို့နယ်တွေထဲက ၇၂ မြို့နယ် ကျန်ရှိမှာပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပဘူးလို့ ကြေညာထားတဲ့ မြို့နယ်ကတော့ ၅၆ မြို့နယ်ရှိပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက်ကျရင် ပြုလုပ်သွားမှာဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်က စတင်ကာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေက မဲဆွယ်စည်းရုံးနေကြပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေး ကာလအဖြစ် အခု အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၃၁ အထိ သတ်မှတ်ကြောင်းလည်း တော်လှန်ရေးအင်အားစုတွေက ကြေညာထားပါတယ်။




