
အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲအကြောင်း ဝါဒဖြန့်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုနဲ့ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေကို တော်လှန်အနုပညာရှင်တွေ၊ မြို့ပြအင်အားစုတွေနဲ့ ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲအကြောင်း ဝါဒဖြန့်ရိုက်ကူးထားတဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းတိုနဲ့ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ မေမြင့်မိုရ်နဲ့ ခြူးလေးတို့ အပါအဝင် အောင်ခိုင်၊ ငှက်ပျောကြော် စတဲ့ ဇာတ်ပို့ ဇာတ်ရံတွေအားလုံး ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
အဲဒီထဲကမှ နွေဦးတော်လှန်ရေးအစ စစ်အာဏာရှင် ဆန့်ကျင်တဲ့ လက်သုံးချောင်းထောင် ဆန္ဒပြတာမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသား သရုပ်ဆောင် နေတိုးက ပိုပြီးဝေဖန်ခံနေရပါတယ်။
ဟားငါးကောင်အဖွဲ့မှ တိုင်းကျော်က “ကျနော် ဒီဇာတ်လမ်း ဇာတ်ညွှန်းရေးတဲ့သူ ဒီစကားလုံးတွေ ရေးတဲ့သူကို ကျနော် ထင်တာ ခင်ရီတို့ ဘူးလက်လှဆွေတို့များ ဖြစ်မလားလို့၊ ဒီလို အတုံးလိုက် အတစ်လိုက် စကားလုံးတွေနဲ့ ဟိုးဘက် လွန်ခဲ့တဲ့ နှစ်သုံးလေးဆယ်လောက်က ပါပီမလို ဟာမျိုးကြီးထက် ပိုဆိုးတဲ့ဟာ တွေ့ရတော့ အရမ်းအံ့ဩတယ်။ နေဝင်းတို့၊ မြင့်မြတ် တို့ကတော့ နိုင်ငံရေးမှာ တိုက်ဆိုင်တာမရှိတဲ့အတွက် ဒီကောင်တွေကတော့ ဒါမျိုးတွေ ဝင်လုပ်ရတော့မယ်ဆိုတာ ကျနော်တို့ သိတယ်။ အထူးအထွေ ပြောချင်တာကတော့ နေတိုးကို ဒီကားမှာ အရမ်းအံ့ဩတယ်။ သေသေချာချာ ပျော်ပျော်ကြီး ပါပြီးတော့ ဒီလိုစကားလုံးတွေနဲ့ မွေးရပ်ဇာတိ နေရာမျိုးမှာ ဒီလောက် လေယာဉ်တွေနဲ့ နေ့စဉ်နေ့တိုင်းနီးနီး ဗုံးကြဲနေကြတယ်၊ စစ်ဘေးရှောင်ပြည်သူတွေ အများဆုံးလို့ ပြောရမယ့်ဟာတောင် ဒီကောင် ဒီကားမှာ ပျော်ပျော်ကြီး ပါတာတော့ အံ့ဩတယ်။ သူ့ကို ကျနော် ဒီနေရာက ပြောချင်တာကတော့ ပြည်သူတွေနဲ့ထပ်တူ – ရမ်းမုန်းတယ်” လို့ ပြောပါတယ်။
ဇာတ်လမ်းထဲမှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့ ဒိုင်ယာလော့ခ်တွေအပြင် တော်လှန်ရေးသမားတွေကို သရော်လှောင်ပြောင်တာတွေကိုပါ ထည့်သွင်းပုံဖော်ထားတာကြောင့် ပါဝင်ထားတဲ့ သရုပ်ဆောင်တွေအားလုံးက နာမည်အသေခံပြီး လူထုရဲ့ အမုန်းတွေကို ခံယူသွားကြတယ်လို့ အာဏာမသိမ်းခင် MRTV 4 ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်ရရှိထားခဲ့တဲ့ သရုပ်ဆောင် ထက်မြတ်ကလည်း ဝေဖန်ပါတယ်။
သရုပ်ဆောင် ထက်မြတ်က “ဒီဝါဒဖြန့်ကားမှာပါတဲ့ သရုပ်ဆောင်တွေအကုန်လုံးကို ကျနော် မေးချင်တယ်၊ တကိုယ်ရေ အဆင်ပြေဖို့ စစ်တပ်ခိုင်းတာ လုပ်နေရတာ မရှက်ဘူးလား။ –မှန်းသိရဲ့နဲ့ စားရတာ မရွံဘူးလားလို့ မေးချင်တာ။ သူတို့ကတော့ ပြောမှာပဲ။ သူတို့ကို ဘာနဲ့ ချုပ်ကိုင်ထားလို့ ညာနဲ့ချုပ်ကိုင်ထားလို့ ဆိုတဲ့ အကြောင်းပြချက်တွေ ပေးမှာပဲ။ ဒါပေမဲ့ဗျာ အခုအမှန်တရားကို သိတဲ့ ပြည်သူတွေ တကယ်ခံစားနေရတဲ့ ပြည်သူတွေက သူတို့ကို ဘယ်လောက်ရွံသွားမလဲ၊ သူတို့ကို ဘယ်လောက် မုန်းသွားမလဲ၊ သူတို့ကတော့ လူအသေမခံရဲတော့ နာမည်အသေခံသွားတာ” လို့ ပြောပါတယ်။
နွေဦးတော်လှန်ရေးအစ ကာလတွေမှာတော့ အဲဒီသရုပ်ဆောင်တွေဟာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး အခုလို အချိန်မှာတော့ စစ်တပ်ဘက်ကို ပြတ်ပြတ်သားသား ရပ်တည်ပြလိုက်တာဖြစ်လို့ လူမှုရေးပြစ်ဒဏ် social punishment လုပ်ကြဖို့ မြို့ပြတော်လှန်ရေး အင်အားစုတခုဖြစ်တဲ့ ရေဘဝဲအဖွဲ့က တိုက်တွန်းပါတယ်။
ရေဘဝဲပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းမှ ကိုရေဘဝဲက “အခုဖြစ်ရပ်ဟာ ပြည်သူနဲ့ နိုင်ငံတော်တခုလုံးကို လှောင်ပြောင်သရော်တဲ့ အနေအထားပါ၊ နွေဦးတော်လှန်ရေး နိဒါန်းအစမှာတုန်းက လူထုနဲ့တသားတည်း ရှိပါမယ် ဆိုပြီးတော့ သရုပ်ဆောင်ကောင်းကောင်းနဲ့ ဟန်ဆောင်ခဲ့ကြတဲ့သူတွေရဲ့ အပုပ်တွေက အခုချိန် ဒီလိုကာလရောက်မှ ပေါ်လာတယ်ပေါ့။ လူထုဘက်မှာ ရှိနေသယောင်ယောင်နဲ့ လူထုကို သစ္စာဖောက် လှောင်ပြောင် ပြက်ရယ်ပြုတာဟာ ပိုပြီးတော့ ခံပြင်းလွန်းပါတယ်။ လူထုနဲ့ နိုင်ငံတော်ကို လှောင်ပြောင်တဲ့ မည်သူမဆို လူမှုရေး ပြစ်ဒဏ် ထိထိရောက်ရောက်ခတ်ဖို့ လိုအပ်ပါမယ်။ လူ့အဖွဲ့အစည်း လူ့အသိုက်အဝန်းကနေ ဖယ်ကြဉ်နှင်ထုတ်ဖို့ လိုအပ်ပါမယ်” လို့ ပြောပါတယ်။
ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာ စတာတွေကို မဖော်ပြထားဘဲ ခေတ်သမိုင်း သုခုမရပ်ဝန်းမှ စီစဉ်တင်ဆက်သည်လို့သာ ဖော်ပြထားတဲ့ ဝါဒဖြန့်ဇာတ်လမ်းဟာ လက်တွေ့မြေပြင်အခြေအနေနဲ့ ကင်းကွာနေသလို ဇာတ်လမ်းတခုလုံးက အလိမ်အညာတွေဖြစ်တဲ့အတွက် အလိမ်အညာတွေကို သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေကိုပါ လူမှုရေးပြစ်ဒဏ် ထိထိရောက်ရောက် ပေးသင့်ကြောင်း ပြည်သူတယောက်ကလည်း ပြောပါတယ်။
“အာဏာသိမ်း အာဏာလုထားတဲ့အဖွဲ့ဟာ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားတာပဲ။ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားတဲ့လူတွေရဲ့ ရွေးကောက်ပွဲကို အားပေးအားမြှောက်လုပ် စည်းရုံးလှုံ့ဆော်တာလည်း ပုန်ကန်မှုကို အားပေးတာပဲ။ နောက်တခုက သူတို့ ပြောနေတဲ့ စကားတွေကလည်း အကုန်အမှားတွေချည်းပဲ။ ဒီအနုပညာတွေကို ဒီလို မမှန်မကန် ပြည်သူဘက်က မရပ်တည်ဘဲနဲ့ ပြည်သူကို အလိမ်အညာတွေ တင်ဆက်နေတဲ့ အနုပညာရှင်တွေ ဖြစ်တဲ့အတွက် သူတို့ကို ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို ဝင်လည်းမတိုက်ပေးနိုင်ဘူး၊ တော်လှန်ရေးအတွက် ထောက်ပို့လည်း မလုပ်ပေးနိုင်ဘူး၊ တော်လှန်ရေးကို ဘာမှမလုပ်ပေးနိုင်ဘူး ဆိုရင်တောင်မှ ဒီအနုပညာရှင်တွေကို boycott လုပ်သင့်တယ်။ ဒီအနုပညာရှင်တွေနဲ့ ပတ်သက်သမျှ အရာမှန်သမျှ အကုန် boycott လုပ်ဖို့ လိုတယ်။”
ဇာတ်လမ်းထဲမှာတော့ နွေဦးတော်လှန်ရေး ဦးဆုံးကာလပုံရိပ်တွေနဲ့ စတင်ထားပြီး စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေဟာ အမှန်တကယ် ဖြစ်ပွားနေတာမဟုတ်ဘဲ ဆိုရှယ်မီဒီယာပေါ်မှာသာ ဖြန့်နေတာ ဖြစ်ကြောင်း၊ လာမယ့် ရွေးကောက်ပွဲကသာ ထွက်ပေါက်အမှန်ဖြစ်ကြောင်း၊ တော်လှန်ရေးလုပ်နေတဲ့ လူငယ်တွေက အကြမ်းဖက်ပြီး ရွေးကောက်ပွဲကို ပျက်စီးရာပျက်စီးကြောင်း လုပ်နေတာ ဖြစ်ကြောင်းတွေကိုသာ သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။
လက်တွေ့မှာတော့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကလေးသူငယ်တွေ အပါအဝင် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ နေ့စဉ် ဆုံးရှုံးနေကြရတာလည်း ဖြစ်ပါတယ်။
အောက်တိုဘာ ၂၄ ရက်အထိ ပြည်သူပေါင်း ၇,၄၀၅ ယောက် ကျဆုံးခဲ့ပြီး ၂၂,၅၅၆ ယောက် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဝေဝေ




