
လာမယ့်ဒီဇင်ဘာလ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲပထမပိုင်းမှာ ကရင်နီ (ကယား) ပြည်နယ် မဲဆန္ဒနယ် ၄ ခုကနေ လွှတ်တော် ကိုယ်စားလှယ်လောင်းပေါင်း ၈၇ ယောက် ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
ရွေးကောက်ပွဲကို ကရင်နီပြည်နယ်က မြို့တော် လွိုင်ကော်၊ ဘောလခဲ၊ ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်တို့ ပါဝင်တဲ့ မဲဆန္ဒနယ် ၄ ခုမှာ ကျင်းပမှာဖြစ်ပြီး ကယားပြည်နယ်ပြည်သူ့ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တို့က ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ရွေးကောက်ပွဲအတွက် လွိုင်ကော်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တအိမ်တယောက် မဲစာရင်းမဖြစ်မနေစစ်ဖို့ အိမ်ထောင်စုစာရင်းလိုက်ကောက်နေပြီး လွိုင်ကော်မြို့ပြင်မှာရှိနေတဲ့ စစ်ရှောင်တွေကိုလည်း ရွေးကောက်ပွဲအမီနေရပ်ပြန်ဖို့ စစ်တပ်က လိုက်လံဖိအားပေးတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“မဖြစ်မနေမို့လို့သာ ပြန်လာပြီးတော့ အာဏာရှင်ဆန်ဆန်အောက်မှာနေပြီးတော့ ပါးစပ်ပိတ်နေနေရတာ။ တခုခုအခန့်မသင့်လို့ ရန်ဖြစ်တာတို့၊ စကားများတာတို့ရှိခဲ့ရင် စစ်သားနဲ့ရဲက အမြဲကင်းလှည့်နေတာ။ ကင်းလှည့်လို့ သူတို့ကြားသွားခဲ့ရင် မထင်ရင်မထင်သလို သူတို့ဆွဲခေါ်သွားတယ်၊ ပြီးရင် ပိုက်ဆံနဲ့ပြန်ရွေးခိုင်းတယ်။ အဲဒီ ဒီးမော့ဆို၊ ဒေါငံခါး တို့ အရှေ့တကြောလုံး ပြန်လာခိုင်းတယ်။ ပြန်မလာတဲ့နေအိမ်တွေကို ချိပ်ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတာရှိတယ်။”
ဒီးမော့ဆို-ဖရူဆို ဘက်ခြမ်းမှာတော့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ပေါင်းစုတို့ နေ့တိုင်း တိုက်ပွဲဖြစ်နေပြီး စစ်ကြောင်းထိုးပြီးတဲ့ ဒီးမော့ဆိုအနီးနားက ရွာတွေနဲ့ ဘုရားဖြူ ဘုရားနီနားက ဒေသခံတွေလည်း ရွေးကောက်ပွဲမတိုင်ခင် နေရပ်ပြန်ဖို့ ဖိအားပေးခြိမ်းခြောက်ခံရတာတွေကြောင့် ဒီတလော ပြန်တဲ့သူတွေရှိကြောင်း ဒီးမော့ဆိုဒေသခံက ပြောပါတယ်။
အခုလိုမျိုး ရွေးကောက်ပွဲမှာ ဖိအားပေး မဲစာရင်းစစ်ခိုင်းတာ၊ မဲထည့်ခိုင်းတာတွေနဲ့ စစ်ရှောင်တွေကို အတင်းအကျပ် နေရပ်ပြန်ခိုင်းတာတွေဟာ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုဖြစ်တယ်လို့ မြန်မာ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေသူတယောက်က ထောက်ပြထားပါတယ်။
“ဒါက ဘာကိုဖော်ပြနေလဲဆိုရင် ဒီရွေးကောက်ပွဲကို ဖြစ်မြောက်ဖို့အတွက် နိုင်ငံသားတွေကို အတင်းအကျပ် ဖိအားပေးပြီးတော့မှ ဒီရွေးကောက်ပွဲမှာ အတင်းမဲမထည့်ထည့်အောင် ဒီလိုမျိုးလုပ်တာဖြစ်တယ်။ မဲပေးခွင့်က နိုင်ငံသား အခွင့်အရေးဖြစ်သလို မဲမပေးဘဲ နေခွင့်ကလည်း နိုင်ငံသားအခွင့်အရေးဖြစ်တယ်။ ဒါကို တခြားနည်းနဲ့ ခြိမ်းခြောက်တာသည် ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုသာ ဖြစ်ပါတယ်။”
ဘောလခဲမြို့ထဲမှာတော့ စစ်ကောင်စီ ခမရ ၃၃၇၊ ၄၂၉၊ ၄၃၀ နဲ့ ဘောလခဲမြို့မရဲစခန်း ကျန်ရှိ နေပါသေးတယ်။
ဆက်သွယ်ရေးလိုင်းနဲ့ အင်တာနက်ဖြတ်တောက်ခံရမှုတွေကြောင့် မြို့ထဲက ဒေသခံအားလုံးနီးပါး တိမ်းရှောင်နေတာ ကြာပြီဖြစ်ပြီး မြို့ထဲမှာ တပ်မိသားစုလောက်ပဲ ကျန်တော့တယ်လို့ ဘောလခဲမြို့ခံက ပြောပါတယ်။
“ဒီဘောလခဲဆိုတာက ဗျူဟာချုပ်ကိုင်ထားတဲ့ မြို့ဖြစ်နေတယ်။ အဲ့ခါကျတော့ စိုးမိုးနယ်မြေကို သူတို့ယူထားတယ်။ ပြီးတော့ ဒီဘောလခဲမြို့ကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ အနေအထားကို သူတို့ပြချင်တာပေါ့။ အမှန်ဆို ဘောလခဲမှာ မဲပေးနိုင်တဲ့ ပြည်သူကို မရှိတော့တာ။ ဘောလခဲမှာ ကျန်နေတာက စစ်ကောင်စီကို ထောက်ခံ့တဲ့ လူနည်းစုပဲ ရှိပါတယ်ဗျ။ အဲ့ဒါပဲရှိတယ်၊ ရွေးကောက်ပွဲလုပ်မယ့် အနေအထားဆိုတာ တကယ်တော့ ဘာမှမရှိပါဘူး။ လုပ်လို့ကိုမရတာ ပြည်သူလူထုတွေက အကုန်လုံး ထွက်သွားပြီ။”
ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ ဒီးမော့ဆို မဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃ ယောက်၊ ဖရူဆိုမှာ ၃ ယောက်၊ ဘောလခဲမှာ ၄ ယောက် နဲ့ လွိုင်ကော်မှာ ၄ ယောက် ယှဥ်ပြိုင်မှာဖြစ်ပြီး အမျိုးသားလွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်) ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ် ၃ ခုမှာ ကိုယ်စားလှယ်လောင်း ၁၅ ယောက် ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲ ကျင်းပမယ့်နေရာတွေထဲမှာ မြို့တော်လွိုင်ကော် တမြို့ပဲ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက် ရှိနေပြီး ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘောလခဲဘက်မှာတော့ တိုက်ပွဲတွေ နေ့တိုင်း ဖြစ်နေဆဲပါ။
ရှမ်း-ကရင်နီနယ်စပ်ဖြစ်တဲ့ ဖယ်ခုံ-ပင်လောင်းဘက်မှာတော့ စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးလာလို့ ပြီးခဲ့တဲ့နှစ်လအတွင်း စစ်ရှောင် ၁၀,၀၀၀ ကျော် အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး အခုအချိန်ထိ အမိုးအကာနဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေပါတယ်။
မောရစ်


