UEC က ဒေါက်တာသက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်
DVB
·
October 25, 2025

လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက် နဲ့ ငြိစွန်းတာကြောင့် ဒေါက်တာသက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်းစာရင်းက ပယ်ဖျက်လိုက်တာလို့ စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ပြောပါတယ်။
စစ်ကောင်စီ နဲ့ သတင်းထောက်တွေရဲ့ သတင်းထုတ်ပြန်တဲ့ Group မှာ UEC က BBC နဲ့ Myanmar Transparency News သတင်းဌာနရဲ့ မေးမြန်းချက်တွေအပေါ် ပြန်ဖြေထားတာလည်း ဖြစ်ပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းမှာ PPP ပါတီကတော့ ဒေါက်တာ သက်သက်ခိုင် ရွေးကောက်ပွဲ ဝင်ပြိုင်လို့ မရတော့တာနဲ့ ပတ်သက်လို့ မဟုတ်ဘူးလို့ ငြင်းထားပါသေးတယ်။
UEC က မီဒီယာတွေအတွက် ထုတ်ပြန်ချက်မှာ “ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ်(၂) တွင် အမည် စာရင်းတင်သွင်းထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်သည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ပါသည်။” လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် လွှတ်တော်အလိုက် မဲဆန္ဒနယ် အသီးသီးမှာ အမည်စာရင်းတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်း ၅၀၂၃ ယောက် ရှိပြီး အဲဒီထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်မှု မရှိလို့ ပယ်ဖျက်ခံရတဲ့ ကိုယ်စားလှယ်လောင်း ၈၆ ယောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။
UEC ရဲ့ ဒေါက်တာသက်သက်ခိုင်နဲ့ ပတ်သက်တဲ့ ဖော်ပြချက်မှာ “သက်ဆိုင်ရာလွှတ်တော်ရွေးကောက် ပွဲဥပဒေပုဒ်မ ၈(ဃ)သည် ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်ရှိသူ လူပုဂ္ဂိုလ်နှင့်သာ တိုက်ရိုက်သက်ဆိုင်ပြီး နိုင်ငံရေးပါတီအနေဖြင့် အကျုံးဝင်ခြင်း မရှိပါကြောင်း ဖြေကြားအပ်ပါသည်” လို့ ပါရှိပါတယ်။




