
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် အပါအဝင် ၈၆ ယောက်ကို ကိုယ်စားလှယ်လောင်း စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ စစ်တပ်ဩဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ ခေါင်းဆောင် ဒေါ်သက်သက်ခိုင်ဟာ ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ် (၂) အတွက် ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားတာဖြစ်ပြီး အခုပယ်ဖျက်လိုက်ပြီလို့ မီဒီယာတွေရဲ့ မေးမြန်းမှုကို ရွေးကောက်ပွဲကော်မရှင်ဘက်က ပြန်လည်ဖြေကြားလိုက်တာပါ။
ဒေါ်သက်သက်ခိုင်ကို အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ) ပါပြဋ္ဌာန်းချက်နဲ့ ညိစွန်းတဲ့အတွက် ပယ်ဖျက်လိုက်တာလို့ ဆိုပါတယ်။
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၈(ဃ) ကတော့ နိုင်ငံတော်နှင့်ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များကင်းရှင်းသူဆိုပြီး ပြဋ္ဌာန်းထားတာပါ။
ဒေါ်သက်သက်ခိုင်အနေနဲ့ ကမ္ဘောဇဘဏ်ထံမှ ချေးငွေ ကျပ် ဘီလီယံ ၁၀၀ ကျော်နဲ့ တခြားနာမည်ကြီး ပုဂ္ဂလိကဘဏ်တခုကနေလည်း ချေးငွေရယူထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒေါ်သက်သက်ခိုင် အပါအဝင် လွှတ်တော်အလိုက် မဲဆန္ဒနယ်အသီးသီးမှာ စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းပေါင်း ၅၀၃၂ ယောက် ရှိရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်ခြင်းမရှိတဲ့ ကိုယ်စားလှယ်လောင်း ၈၆ ယောက်ကို အမည်စာရင်းက ပယ်ဖျက်လိုက်တယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။




