
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေး ကာလအဖြစ် အခု အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၃၁ အထိ သတ်မှတ်ကြောင်း တော်လှန်ရေးအင်အားစုတွေက ကြေညာပါတယ်။
စစ်အာဏာသိမ်းချိန်ကနေ ယနေ့အထိ အကြမ်းဖက်မှုနဲ့ အကျင့်ပျက်ခြစားမှု အမျိုးမျိုနဲ့ နိုင်ငံရဲ့ အရင်းအမြစ်တွေကို ပျက်စီးဆုံးရှုံးစေခဲ့သလို ရလဒ်အနေနဲ့ လူဦးရေ ၁၂ သန်းကျော်ဟာ ငတ်မွတ်မှုတွေ ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြပြောဆိုပါတယ်။
ဒါ့အပြင် နိုင်ငံအနှံ့မှာ မူးယစ်ဆေးဝါးနဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ် လောင်းကစားတို့ စခန်းချရာတိုင်းပြည် ဖြစ်သွားသလို နေ့စဉ် အကြမ်းဖက်မှုတွေနဲ့ မလုံခြုံမှုတွေ ပြည့်နှက်နေတဲ့ တိုင်းပြည်တခု ဖြစ်သွားတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေမှာ အာဏာသိမ်းစစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တိုင်းပြည်ကို ထပ်ပြီး နစ်မွန်းစေမယ့် အတုအယောင်ရွေးကောက်ပွဲ ဖြစ်သလို အကြမ်းဖက်ပွဲ၊ လုပ်ပွဲနဲ့ ထောင်ချောက်သာ ဖြစ်တယ်လို့ သပိတ်အင်အားစုတွေက ထုတ်ပြန်ပါတယ်။
ဒါ့ကြောင့် ပြည်သူလူထုတွေအနေနဲ့ စစ်အုပ်စုရဲ့ “တရားမဝင် အတုအယောင် ရွေးကောက်ပွဲကြီး” ကို နည်းပရိယာယ်ကြွယ်ကြွယ်သုံးကာ သပိတ်မှောက် ဆန့်ကျင်ကြပါလို့ သပိတ်အင်အားစုတွေက မေတ္တာရပ်ခံကြောင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေး ကာလအဖြစ်ကြေညာထားပေမဲ့ ပြည်သူတွေအနေနဲ့ ဘယ်လို ဆန့်ကျင်ရမယ်ဆိုတာကိုတော့ အသေးစိတ်ဖော်ပြတာမရှိပါဘူး။
တဖက်မှာလည်း စစ်ကောင်စီတပ်ဟာ ရွေးကောက်ပွဲဖြစ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေသလို ဥပဒေတွေ ပြင်ဆင်ပြောင်းလဲပြီး ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ပြည်သူတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပါတယ်။




