
အမေရိကန်အစိုးရအနေနဲ့ စစ်ကောင်စီအတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း တရားဝင်ထုတ်ပြန်ပေးဖို့ မြန်မာ့အရေးဆောင်ရွက်သူတွေက ရှေ့ဆက်ဆန္ဒပြပွဲတွေမှာ တိုက်တွန်းတောင်းဆိုသွားဖို့ရှိနေပါတယ်။
ဒီဆန္ဒပြပွဲဖြစ်မြောက်ရေးအတွက် ဒေသစံတော်ချိန် နိုဝင်ဘာ ၁ ရက်နေ့က ပြည်နယ် ၅၀ ရောက်မြန်မာ့အရေးဆောင်ရွက်သူတွေ အစည်းအဝေးပြုလုပ်ခဲ့ကြပြီး ဆန္ဒပြပွဲအတွက် လိုအပ်တာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ကိုရင်အေးက “မတရားအာဏာသိမ်းတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့မှာ လုပ်ပိုင်ခွင့်လုံးဝမရှိတဲ့ တရားလည်းမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်ဖို့ဆိုတာ ပြင်ဆင်နေပြီ၊ သမ္မတကြီးထရမ့်ပ်အနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံနိုင်ဘူးဆိုတာကို တရားဝင်ပြောပေးပါဆိုတာကို ကျနော်တို့ တောင်းဆိုတာဖြစ်ပါတယ်။ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ အမျိုးစုံကို နေ့စဉ်ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေနဲ့ အပေါင်းအပါအားလုံးကို အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးပါဆိုတဲ့ တောင်းဆိုချက်ကိုတောင်းဆိုတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့ကနေ ၂၈ နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တက်ရောက်ခဲ့ပေမဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိရောက်တဲ့ ပြောဆိုဆွေးနွေးမှုမရှိခဲ့ပါဘူး။
အာဆီယံတခုလုံးအနေနဲ့ စစ်ခေါင်းဆောင်ပြုလုပ်မယ့်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေ စေလွှတ်ဖို့မရှိပေမဲ့ အဖွဲ့ဝင်တနိုင်ငံချင်းစီအနေနဲ့ကတော့ လေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေ လွှတ်မလွှတ် အတိအလင်းကြေညာထားတာ မတွေ့ရသေးဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။
NUG အနေနဲ့ကတော့ အကြမ်းမဖက်ဆန့်ကျင်တဲ့မူကိုသာစွဲကိုင်ပြီး စစ်ကောင်စီရွေးကောက်ပွဲကို နိုင်ငံတကာက လက်မခံအောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။
“ပထမဦးဆုံးကတော့ မဲလုံးဝမပေးတဲ့ လှုပ်ရှားမှုတခုဖြစ်အောင်တော့ ဆောင်ရွက်ရမှာပေါ့။ အဲ့ဒီကနေပြီးတော့မှတဆင့် တကယ်လို့များ မပေးမဖြစ်လို့ပေါ့နော် အကြောင်းကြောင်းကြောင့် သူတို့က အတင်းအဓမ္မလုပ်တာမျိုးတွေလည်း ရှိလာနိုင်တဲ့အတွက်ကြောင့် ဒီလိုမျိုး မဲပေးဖို့ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ကိစ္စတွေ ဒါတွေလည်း စဉ်းစားဖို့လိုမယ်ပေါ့။“
နိုဝင်ဘာ ၂၂ ရက်နေ့ကြရင် အိမ်ဖြူတော်ရှေ့တင်မကဘဲ တရုတ်သံရုံးအရှေ့မှာပါ ဆန္ဒပြရတာကတော့ နိုင်ငံတကာစာမျက်နှာမှာ မြန်မာ့အရေးကို တရုတ်အစိုးရက ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက်နေတယ်ဆိုတာကို မြင်သာစေဖို့ မြန်မာ့အရေးဆောင်ရွက်သူတွေက ရည်ရွယ်ထားတာပါ။
ဖီလာဒဲလ်ဖီးယားမြို့မှ ဒေါက်တာထွန်းဝေ က “အတုအယောင်ရွေးကောက်ပွဲကို ကျနော်တို့ ဘယ်သူမှလက်မခံဘူး၊ အောင်မြင်မှာလည်းမဟုတ်ဘူး၊ တရုတ်ကွန်မြူနစ်အစိုးရကလည်း မတရားတဲ့ ရွေးကောက်ပွဲကို မကူညီဖို့အတွက် ကန့်ကွက်တယ်၊ ဆန္ဒပြတယ်၊ သူတို့မရပ်တန့်ခဲ့ရင် ကျနော်တို့ မြန်မာပြည်သူတွေရဲ့အမုန်းကို သူတို့ နှစ်ပေါင်းများစွာ ခံရမယ်ဆိုတာ အသိပေးခြင်းဖြစ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ရေး နိုင်ငံတကာလှုပ်ရှားမှုတွေကို အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ ဥရောပနိုင်ငံတွေနဲ့ အာရှဒေသတွင်းနိုင်ငံတွေရောက် မြန်မာ့အရေးဆောင်ရွက်သူတွေက စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံတွေရဲ့ လွှတ်တော်နဲ့ အစိုးရအသီးသီးဆီကို ထိရောက်တဲ့ ချဉ်းကပ်သတင်းပေးတာတွေ ပြုလုပ်နိုင်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။
သုတချမ်းသာ


