Home
မြန်မာသတင်း
စပါးတင်း ၁၀၀ အခြေခံရည်ညွှန်းဈေး ကျပ် ၁၁ သိန်းခွဲ သတ်မှတ်
DVB
·
November 4, 2025

၂၀၂၅ ခုနှစ် မိုးစပါးနဲ့ ၂၀၂၆ ခုနှစ် နွေစပါးတို့အတွက် အခြေခံစပါးဈေးနှုန်းအဖြစ် စပါး တင်း ၁၀၀ ကို ကျပ် ၁,၁၅၀,၀၀၀ နှုန်းနဲ့ စစ်ကောင်စီလက်အောက်ခံ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က သတ်မှတ် ထုတ်ပြန်လိုက်ပါတယ်။

အစိုဓာတ် ၁၄ ရာခိုင်နှုန်း၊ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ် စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ အတွက် အဲဒီလို သတ်မှတ်လိုက်တာပါ။

တောင်သူလယ်သမားတွေအတွက် သင့်တင့်မျှတတဲ့ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်စေဖို့ အခြေခံ ရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်တာလို့ ထုတ်ပြန်ချက်မှာ ဆိုထားပေမဲ့ တောင်သူတွေကတော့ အဲဒီဈေးနှုန်းဟာ စိုက်ပျိုးစရိတ် ကုန်ကျစရိတ်နဲ့ တွက်ခြေမကိုက်ဘူးလို့ ပြောကြပါတယ်။

စစ်ကိုင်းတိုင်းက တောင်သူတယောက်က “မြေဩဇာဈေး၊ ပိုးသတ်ဆေးဈေးတွေ ဒီလောက် ဈေးကြီးနေချိန်မှာ တင်း ၁၀၀ ကို ၁၁ သိန်းခွဲဆိုရင် တောင်သူတွေ အရှုံးပေါ်မှာပဲ” လို့ ပြောပါတယ်။

လက်ရှိမှာ အနိမ့်တန်း စပါးတွေက တင်း ၁၀၀ မှာ ကျပ် ၁၀ သိန်းဝန်းကျင် ဈေးပေါက်နေပြီး ဧရာမင်း၊ ပေါ်ဆန်း စတဲ့ အမြင့်တန်း စပါးတွေကတော့ တင်း ၁၀၀ မှာ ကျပ် ၂၂ သိန်းအထက် ဈေးပေါက်နေပါတယ်။

ဈေးကွက်ပေါက်ဈေးက အခြေခံရည်ညွှန်းစပါးဈေးအောက် ရောက်နေရင် ဆန်စပါးကုန်သည်တွေ အနေနဲ့ အခြေခံရည်ညွှန်းဈေးအတိုင်း ဝယ်ယူရမှာဖြစ်ပြီး ဈေးကွက်ပေါက်ဈေးက ရည်ညွှန်းဈေး အထက်မှာ ဈေးပေါက်နေရင်တော့ ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမှာပါ။

တောင်သူလယ်သမားတွေအနေနဲ့ အခြေခံရည်ညွှန်းဈေးနှုန်းနဲ့ ရောင်းချဖို့ အခက်အခဲ ရှိနေတယ်ဆိုရင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ မြို့နယ်ကိုယ်စားလှယ်တွေ၊ သို့မဟုတ် ဆန်စပါးအသင်းချုပ် ရုံးချုပ် (ဖုန်း၊ ၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆) တို့ကို ဆက်သွယ်နိုင်တယ်လို့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ မိုးစပါးနဲ့ ၂၀၂၅ နွေစပါးရာသီမှာတော့ အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းကို စပါးတင်း ၁၀၀ မှာကျပ် ၉ သိန်းခွဲနှုန်း သတ်မှတ် ထုတ်ပြန်ခဲ့ ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013