Home
မြန်မာသတင်း
ဂျုံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးသော်လည်း ဂျုံသီးနှံတိုးမြှင့်ထုတ်လုပ်ရန် အခက်အခဲရှိ
DVB
·
October 13, 2025

ပြည်ပသွင်းကုန်အစားထိုးဖို့ ဂျုံစိုက်ပျိုးစရိတ် ချေးငွေတွေ ထုတ်ချေးလာပေမယ့် ဂျုံသီးနှံတိုးမြှင့် ထုတ်လုပ်နိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ကျွမ်းကျင်သူက ပြောပါတယ်။ 

မြန်မာပြည်ရဲ့ ထိပ်တန်းသွင်းကုန်တမျိုးဖြစ်တဲ့ ဂျုံကို စပါးစိုက်ပျိုးစရိတ် ချေးငွေနဲ့ တန်းတူထားပြီး တဧကကို ကျပ်တသိန်းခွဲနှုန်းနဲ့ အခုနှစ် ၂၀၂၅ ခုနှစ် ဆောင်းချေးငွေအမီ သီးနှံတိုး ထုတ်ချေးသွားမယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အတည်ပြုပြောဆိုပါတယ်။ ဂျုံစိုက်ဧကတွေ ပြည့်မီကျော် လွန်လာဖို့ အဓိကကျတဲ့အကြောင်းတွေကို ကျွမ်းကျင်သူတယောက်က ပြောပါတယ်။

“ပြောချင်တာက Marketing Driving က Price မြင့်နေရမယ်။ ဒီအထွက်ကောင်းတဲ့ မျိုးတွေ မပျောက်အောင် ကျနော်တို့ လက်ရှိအနေထားမှာ မပွားအောင် မလုပ်နိုင်ရင်တောင်မှ ထိန်းနိုင်ရမယ်။ နောက်ပိုင်း နံပါတ် ၃ က ဒီလောက်ထွက်ပါတယ်ဆိုတဲ့ သတင်းကို တောင်သူတွေကြားမှာ Extension လုပ်နိုင်ရမယ်။ Information Flow ကောင်းအောင်လုပ်နိုင်ရမယ်။ ရအောင်ပို့နိုင်ရမယ်‌။”

ဂျုံသီးနှံဟာ စပါးနဲ့ ပြောင်း ပြီးရင် တတိယအရေးကြီးဆုံး နှံစားသီးနှံဖြစ်ပြီး ဈေးကွက်ဝယ်လိုအားရှိပေမဲ့ ဂျုံမျိုးနဲ့ ဂျုံဈေးဟာ စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်အတွင်း အထွက်နှုန်းကောင်းပြီး ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ဂျုံမျိုးနဲ့ ဂျုံတောင်သူအတွက် အကျိုးအမြတ်ရှိတဲ့ ဈေးနှုန်းကို မရရှိခဲ့ပါဘူး။ ဂျုံကို ကျွမ်းကျွမ်းကျင်ကျင် စိုက်ပျိုးတတ်တဲ့ တောင်သူတွေရှိပြီး ဂျုံစိုက်ဧရိယာတွေလည်း ကျယ်ပြန့်ခဲ့ပေမယ့် ဂျုံဈေးနဲ့ အထွက်ကောင်းတဲ့ ဂျုံမျိုးတွေ မရရှိတဲ့အတွက် ဂျုံအစားအခြားသီးနှံကိုပြောင်းလဲ စိုက်ပျိုးလာကြတာ ဖြစ်ပါတယ်။  

ဒါကြောင့် စစ်ကိုင်းတိုင်း၊ အညာဒေသရဲ့ ဂျုံစိုက်ပျိုးထုတ်လုပ်မှုဟာ ကုလားပဲကို အစားထိုး စိုက်ပျိုးလာသလို ရှမ်းပြည်နယ်မှာလည်း ခရမ်းချဥ်၊ ဂေါ်ဖီ စတဲ့ အခြားသီးနှံတွေကို အစားထိုး စိုက်ပျိုးလာကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၁၈ ရာစုကတည်းက ဂျုံမျိုးတွေ တင်သွင်းလာချိန်ကတည်းက ဖြစ်ပွားခဲ့တဲ့ ဂျုံပင်မှာ ဖြစ်ပွားတတ်တဲ့ နနွင်းရောဂါကလည်း လက်ရှိမှာလည်း ဖြစ်ပွားဆဲဖြစ်ပြီး ရောဂါဒဏ်ခံနိုင်တဲ့မျိုးတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးသုတေသနဌာနက အထွက်ကောင်းတဲ့ ဂျုံမျိုးတွေရှိပေမဲ့ ဂျုံတောင်သူတွေဆီ သတင်းအချက်အလက်နဲ့ နည်းပညာတွေ မရောက်ရှိတာတွေကြောင့် ကျောက်ဆည်ဒေသလို ဂျုံစိုက်ခဲ့တဲ့ ဒေသတွေမှာ ဂျုံကို လုံးဝမစိုက်ပျိုးတော့ဘဲ ဂျုံစိုက်ဧကတွေ လျော့ကျလာတာ ဖြစ်ပါတယ်။

လတ်တလော ဆောင်းသီးနှံစိုက်ပျိုးချိန်ဖြစ်ပြီး တောင်သူတွေမှာ ဂျုံကြဲပြီးချိန်ဖြစ်ပေမဲ့ ဆောင်းချေးငွေမှာ ဂျုံချေးငွေကို ထည့်သွင်းထုတ်ချေးဖို့ ကြေညာထားပေမဲ့လည်း ပင်းတယမြို့နယ်ရှိ ဂျုံတောင်သူတွေမှာတော့ ဒီသတင်းအချက်အလက်ကို မသိရှိသေးဘူးလို့ ဆိုပါတယ်။

လက်ရှိ ရင်းနှီးစရိတ်က ဂျုံတဧကကို ကျပ် ၆၅၀,၀၀၀ အထိရှိပြီး ၂၀၂၅ ဆောင်းရာသီမှာတော့ ဂျုံဈေးကျလို့ ဂျုံစိုက်ပျိုးသူနည်းပြီး ဂျုံအထွက်နှုန်းတိုးဖို့က အဓိကကျတယ်လို့ ပင်းတယဂျုံစိုက်တောင်သူတယောက်က ပြောပါတယ်။

“ဂျုံကနေ အကျိုးမြတ်ရဖို့က ကျနော်တို့ တောင်သူအနေနဲ့တော့ ရာသီဥတုမမှန်လည်း ဂျုံ များများထွက်ဖို့ လိုပါတယ်။ ဂျုံတဧကကို အရင်က ၈၀၀ ထွက်ရင်လည်း ထောင်ကျော်လောက်ထွက်လို့ ရှိရင်တော့ ပိုပြီးအဆင်ပြေတာပေါ့။”

မြန်မာ့ဂျုံစိုက်ပျိုးထုတ်လုပ်မှုက သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၄၀ နီးပါးရှိလာပြီဖြစ်ပြီး လက်ရှိမှာတော့ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မှာ အများဆုံး စိုက်ပျိုးထုတ်လုပ်နေတာ ဖြစ်ပါတယ်။ 

လက်ရှိ ၂၀၂၅ ခုနှစ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ တနိုင်ငံလုံးမှာ ဂျုံစိုက်ဧကပေါင်း ၁၂၀,၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်နေတာ ဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013