Home
မြန်မာသတင်း
သဖန်းဆိပ်ဆည်ထဲက ရွှေဖောင်များကြောင့် စိုက်ပျိုးရေးပျက်စီးနိုင်သဖြင့် တောင်သူများ ကန့်ကွက် 
DVB
·
September 25, 2025
Photo: MOI

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းမှာ တရားမဝင်လုပ်ကိုင်မယ့် ရွှေဖောင်တွေကြောင့် စိုက်ပျိုးမြေဧကပေါင်း သောင်းနဲ့ချီပြီး ပျက်စီးဆုံးရှုံးနိုင်လို့ ဒေသခံ တောင်သူလယ်သမားတွေက ကန့်ကွက်နေကြပါတယ်။

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းက သဖန်းဆိပ်ဆည်မှာ ဒီလပိုင်းကစလို့ တရားမဝင် ရွှေဖောင်တွေ လုပ်ကိုင်လာတာပါ။

အဲဒီရွှေဖောင်တွေကြောင့် ကျေးရွာပေါင်း ၉ ရွာက ပြည်သူတွေ နွေစပါး၊ နွေပြောင်းနဲ့ နွေသီးနှံတွေအပြင် ရာသီအလိုက်စိုက်ပျိုးမယ့် မြေဧကပေါင်း သောင်းနဲ့ချီ ပျက်စီးနိုင်ပြီး သဘာဝပတ်ဝန်းကျင်တွေလည်း ထိခိုက်နိုင်လို့ ဒေသခံ တောင်သူလယ်သမားတွေက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

ရွှေဖောင်တွေကြောင့် သရက်ပင်၊ ပေကုန်း၊ ကျွဲတဲ၊ အေးချမ်းသာ၊ အင်လှ၊ စုံတလင်၊ အင်ဒိုင်း၊ သာယာကုန်း၊ လယ်စစ်နောက် ကျေးရွာတွေက စိုက်ပျိုးမြေတွေ ပျက်စီးဆုံးရှုံးကုန်မှာ ဖြစ်ပါတယ်။

ရွှေဖောင်တွေကြောင့် ပျက်စီးဆုံးရှုံးရမယ့် စိုက်ပျိုးမြေနဲ့ သဘာ၀၀န်းကျင်တွေ ထိခိုက်နစ်နာရမယ့် ဒေသခံ ပြည်သူလူထုတွေအတွက် ပြန်လည်ကုစားပေမယ့် အစီအစဉ်တွေကတော့ တိတိကျကျ မသိရသေးဘူးလို့ နစ်နာမယ့်သူတွေက ဆိုပါတယ်။

ရွှေဖောင်တွေကြောင့် သဘာ၀ဝန်းကျင်နဲ့ စိုက်ပျိုးရေးတွေ ပျက်စီးသွားရင် ကျေးရွာပေါင်း ၉ ရွာက ဒေသခံပြည်သူလူထုတွေ ငတ်မွတ်ခေါင်းပါးမှုဘေးနဲ့ ကြုံလာနိုင်ပါတယ်။

ဒါ့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းပေးဖို့ နစ်နာမယ့် ပြည်သူလူထုတရပ်လုံးက လိုလားနေတယ်လို့ ဆိုပါတယ်။

သဖန်းဆိပ်ဆည်မှာ ရွှေဖောင်တွေ လုပ်ကိုင်ရင် စိုက်ပျိုးမြေဧကပေါင်း သောင်းနဲ့ချီ ပျက်စီးဆုံးရှုံးမှာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဒေသခံတွေနဲ့ တွေ့ဆုံဆွေး နွေးတာတွေရှိပေမဲ့ လက်ရှိအချိန်ထိ ညှိနှိုင်းလို့ အဆင်မပြေသေးဘူးလို့ သိရပါတယ်။

ရွှေဖောင်လုပ်တာကို ပြည်သူတွေက ကန့်ကွက်နေတာကြောင့် တချို့တွေကတော့ လုပ်ငန်းရပ်နားထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ခွန်ဇော်ဦး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013