
ဧရာဝတီတိုင်းမှာ လာမယ့် မိုးစပါးပေါ်ချိန် တောင်သူတွေဆီက သင့်တင့်မျှတတဲ့ဈေးနဲ့ ဝယ်ယူပေးဖို့ စစ်ကောင်စီလက်အောက်ခံ တာဝန်ရှိသူတွေနဲ့ ဆန်စပါးကဏ္ဍက လုပ်ငန်းရှင်တွေ စက်တင်ဘာ ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီဆွေးနွေးပွဲကို ဧရာဝတီတိုင်း အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ဌာနဆိုင်ရာတွေ၊ ခရိုင်/မြို့နယ်အဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌတွေ၊ ဆန်စက်ပိုင်တွေနဲ့ ဆန်စပါးကုမ္ပဏီတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာပါ။
ဒီဆွေးနွေးပွဲမှာ ဆန်စက်ပိုင်တွေနဲ့ ဆန်စပါးကုမ္ပဏီတွေက မိုးစပါးရာသီ ထွက်စပါးတွေကို သင့်တင့်တဲ့ဈေးနဲ့ အချိန်မဆိုင်းဘဲ ဝယ်ယူပေးရေး၊ ပြည်ပတင်ပို့မှု မြှင့်တင်ရေးနဲ့ တောင်သူတွေကို သွင်းအားစုနဲ့ စပါးစရိတ်ချေးငွေ တိုးမြှင့် ထောက်ပံ့ပေးရေး စတဲ့ အချက်တွေကို ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ MRF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တောင်သူတွေဆီက မိုးစပါး ဝယ်ယူပေးရာမှာတော့ ဧည့်မထ စပါးတွေကို အထူးဦးစားပေးအနေနဲ့ ဝယ်ယူသွားမယ်လို့ သိရပြီး ဝယ်ယူပေးမယ့် စပါးတင်းရေ ပမာဏနဲ့ငွေကြေး တန်ဖိုး ဘယ်လောက် အသုံးပြု ဝယ်ယူသွားမယ် ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ အတိအကျ ဖော်ပြထားခြင်း မရှိပါဘူး။
ဒါ့အပြင် အဲဒီဆွေးနွေးပွဲအတွင်း ဧရာဝတီတိုင်းက ဆန်စက် ၈ စက်မှာ ဆိုလာ တပ်ဆင်ရေး၊ ခေတ်မီဆန်စက် ၁၀ စက် တည်ဆောက် ရင်းနှီးမြှုပ်နှံရေးနဲ့ Rice Export Zone တွေ ဖော်ဆောင်နိုင်ရေး စတဲ့ အစီအစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ စပါးစိုက်တောင်သူတွေဟာ စပါးစိုက်ပျိုးရာမှာ စိုက်ပျိုးစရိတ် ကြီးမြင့်စွာ စိုက်ပျိုးရပေမဲ့ စပါးပေါ်ချိန်မှာတော့ ဈေးကောင်းမရလို့တာ၊ ဝယ်မယ့်လူမရှိတာနဲ့ ကြုံနေရ ပါတယ်။