
ဧရာဝတီတိုင်းမှာ စစ်ကောင်စီက တောင်သူတွေကို ဓာတ်မြေသြဇာတွေ ရောင်းပေးနေတာမှာ စစ်တပ် ထောက်ခံသူတွေကိုသာ ဦးစားပေးပြီး ခွဲခြားသတ်မှတ်ချက်နဲ့ ရောင်းချပေးနေလို့ အခက်တွေ့နေတယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေးဌာနနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးတွေကတဆင့် စက်တင်ဘာ ၁ ရက်က စတင်ကာ ဓာတ်မြေသြဇာတွေကို သီးနှံပေါ်တဲ့အခါ ငွေပြန်သွင်းပေးဆိုပြီး ရောင်းချပေးနေတာပါ။
ဒီလိုရောင်းချပေတာမှာ NLD ပါတီ အစိုးရလက်ထက်တုန်းက ကိုဗစ်ချေးငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ချေးငွေထုတ်ချေးထားတဲ့ တောင်သူတွေကိုတော့ မရောင်းပေးဘူးလို့ ဇလွန်မြို့နယ်က လယ်သမား တယောက်က ပြောပါတယ်။
“မိုးသီးနှံပေါ်ပေးနဲ့ ဓာတ်မြေသြဇာတွေ ရောင်းပေးနေတာ။ လိုအပ်လို့ သွားတင်ပြတဲ့ တောင်သူတွေကို NLD ပါတီ အစိုးရလက်ထက်က ချေးငွေတွေ ထုတ်ချေးခဲ့တဲ့ လယ်သမားတွေကို ရောင်းမပေးဘူးလို့ အုပ်ချုပ်ရေးမှူးက ပြောတာ။ လယ်သမားတွေအပေါ်တောင် စစ်ကောင်စီက အငြိုးအတေးနဲ့ လုပ်ရက်လွန်းတယ်။ အကြွေးစနစ်ဆိုတော့ ယူချင်တာပေါ့။”
တပ်ထောက်ခံသူတွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ အဆင်ပြေတဲ့သူတွေကိုသာ သတ်မှတ်ချက်မထားဘဲ မြေဩဇာ လိုသလောက် ရောင်းပေးနေတယ်လို့လည်း သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က “လယ်သမားချင်းတောင် မတူဘူး။ အုပ်ကြီးနဲ့ အဆင်ပြေတဲ့ လယ်သမားတွေကျ အကုန်ရတယ်။ လိုသလောက်ကို ရတယ်။ ဘာအချက်အလက်မှလည်း တောင်းယူတာ မတွေ့ရဘူး။ အများစုကတော့ တပ်ထောက်ခံသူနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေပေါ့။ အဲဒီလယ်သမားတွေပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီက ရောင်းပေးတဲ့ ဓာတ်မြေသြဇာတွေက ဈေးကွက်ထဲက ဝယ်ယူသုံးစွဲရတဲ့ မြေသြဇာတွေထက် များစွာ အရည်အသွေးနိမ့်ပြီး အကျိုးအာနိသင်နည်းပါတယ်လို့ ဒေသခံ လယ်သမားတွေက ဆိုပါတယ်။
ဓာတ်မြေသြဇာတွေကို စက်တင်ဘာလ ပထမအပတ်ထဲမှာ ဧရာဝတီတိုင်းထဲက ဖျာပုံ၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ဟင်္သာတ၊ ကြံခင်း စတဲ့မြို့နယ်တွေမှာ တအိတ် ကျပ် ၉၀,၀၀၀ ခန့် သတ်မှတ်ပြီး ရောင်းနေတာလို့ သိရပါတယ်။