
ဧရာဝတီတိုင်းမှာ လိုင်စင်မဲ့ယာဉ် စီးနင်းမှုကြောင့် အရပ်သားအယောက် ၆၀ ကျော် ထောင်ဒဏ် တလစီ အသီးသီးချမှတ်ခံခဲ့ရတယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း လိုင်စင်မဲ့ယာဉ်စီးနင်မှုနဲ့ အဖမ်းခံရတဲ့ သူတွေထဲက အရပ်သားအယောက် ၆၀ ကျော်အထိ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံရပြီး ထောင်ဒဏ်ချမှတ်ခံရသူတွေထဲ နွမ်းပါးချို့တဲ့သူတွေ အများဆုံးပါဝင်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးနဲ့နီးစပ်သူက “လိုင်စင်မဲ့ယာဉ်စီးလို့ ထောင်ဒဏ်ချမှတ်ခံရတာက လချုပ်အခြေအနေပါ။ ဖမ်းခံထားရပြီး အမိန့်မချရသေးတဲ့သူတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။
လိုင်စင်မဲ့ယာဉ် စီးနင်းမှုကြောင့် ထောင်ဒဏ်ချမှတ်ခံရသူ အယောက် ၆၀ ကျော်ဟာ ပုသိမ်ခရိုင်က ၁၂ ယောက်၊ ဟင်္သာတခရိုင်က ၁၂ ယောက်၊ မအူပင်ခရိုင်က ၁၁ ယောက်၊ ဖျာပုံခရိုင်က ၁၃ ယောက်၊ မြောင်းမြခရိုင်က ၇ ယောက်၊ လပွတ္တာခရိုင်က ၆ ယောက် ဖြစ်တယ်လို့ သိရပါတယ်။
တရားလွှတ်တော်ရှေ့နေတယောက်က “ဥပဒေက သူတို့ (စစ်ကောင်စီ) ပါးစပ်ထဲမှာပဲ။ လိုင်စင်မဲ့ယာဉ်အဖမ်းခံရပြီး တရားရုံးတောင် မရောက်ဘဲ ငွေပေးတာနဲ့ ရဲလက်ထဲမှာပဲ အဆင်ပြေတဲ့သူတွေ မနည်းဘူးရှိတယ်။ ဥပဒေနဲ့အညီ ခုခံချေပပေမဲ့ မရကိုမရတာ” လို့ ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့ အရပ်သားတွေဟာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က လိုင်စင်မဲ့ ယာဥ်စီးနင်းမှုနဲ့ သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွေမှာ ဖမ်းထားပြီး တရားရုံးကို အမှုစွဲတင်ကာ တရားရုံးတွေက ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) နဲ့ အမှုဖွင့်ပြီး ထောင်ဒဏ် တလစီ အမိန့်ချမှတ်ခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ တရားရုံး အရာရှိတွေက လိုင်စင်မဲ့ယာဉ် မောင်းနှင်သူတွေလို့ဆိုတဲ့ အရပ်သားတွေ ပိုင်ဆိုင်တဲ့ ယာဉ်တွေကိုပါ နိုင်ငံပိုင် သိမ်းဆည်းထားတယ်လို့ သိရပါတယ်။