
စစ်ကောင်စီက ဧရာဝတီတိုင်းထဲမှာ ရွေးကောက်ပွဲအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေကို သြဂုတ်လအတွင်း အပြီးသတ်ဖွဲ့စည်းထားဖို့ ညွှန်ကြားထားတယ်လို့ တိုင်းအုပ်ချုပ်ရေးအစိုးရအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီက တပ်နဲ့ရင်းနှီးတဲ့ ယုံကြည်ရသူတွေကို အမာခံထားပြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေကိုလည်း ဩဂုတ်လကုန် အပြီးဖွဲ့စည်းကာ သက်ဆိုင်ရာအဆင့်ဆင့်ကို စာရင်းပေးပို့ကြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
တိုင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “အဖွဲ့ခွဲတွေကို အခုလကုန် အပြီးသတ်ဖွဲ့ခိုင်းတယ်။ တပ်ချုပ်ကနေ တိုင်း၊ တိုင်းကနေတဆင့် ခရိုင်နဲ့ မြို့နယ်အဖွဲ့တွေကို ညွှန်ကြားတာ။ အဖွဲ့ခွဲတွေကိုလည်း အရပ်သားတဝက်နဲ့ တပ်နဲ့ရင်းနှီးသူ၊ ယုံကြည်ရတဲ့သူတဝက်နဲ့ ဖွဲ့ရမှာ။ ရွေးကောက်ပွဲကို အောင်မြင်အောင်လုပ်ဆောင်ဖို့အတွက် အဓိကညွှန်ကြားထားတယ်။ အခု အဖွဲ့ခွဲသင်တန်းတွေ ပေးနေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် ဖွဲ့စည်းရေး ကိစ္စတွေကို လက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကို လူရွေးချယ်ခိုင်းကာ အဓိက တာဝန်ပေး ဖွဲ့စည်းခိုင်းထားတာလို့ နီးစပ်သူတွေဆီက သိရပါတယ်။
ပုသိမ်က အရပ်သား ဒေသခံ လူငယ်တယောက်က “စကစက သူ့လူတွေချည်းပါပဲ။ ဘယ်တုန်းကမှ မယုံရတာလေ၊ နောင်လည်း မယုံရပါဘူး။ ဒါ့ကြောင့် ရွေးကောက်ပွဲဆိုတာကို စိတ်ကို မဝင်စားပါဘူး။ မဲပေးဖို့လည်း အစီအစဉ်မရှိဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ စစ်ကောင်စီက ထုတ်လုပ်ထားတဲ့ ပယ်မဲမရှိ အီလက်ထရောနစ် မဲပေးစက် အသုံးပြုပုံ သင်တန်းတွေကို အပတ်စဉ် ၈ ခုခွဲကာ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေ၊ အမာခံ တပ်ထောက်ခံသူတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကို ထွေအုပ်ရုံးတွေ၊ မြို့တော်ခန်းမတွေနဲ့ စစ်တပ်ရင်းတွေမှာ သင်တန်းပေးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီက အခုနှစ်ကုန်ပိုင်းနဲ့ လာမယ့်နှစ်ဆန်းပိုင်းမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာပြီးနောက်ပိုင်း အခုလို ရွေးကောက်ပွဲကော်မရှင်တွေ ဖွဲ့စည်းဖို့ ညွှန်ကြားတာဖြစ်ပြီး ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်ကြဖို့ အဓိက ညွှန်ကြားထားတယ်လို့ မဲပေးစက်သင်တန်း တက်နေရတဲ့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ရွေးကောက်ပွဲ မဖြစ်အောင် ပြုလုပ်သူနဲ့ နှောင့်ယှက်တဲ့သူကို သေဒဏ်အထိပေးမယ့် ဥပဒေကို အခု သြဂုတ်လ ပထမအပတ်က ထုတ်ပြန်ပြဋ္ဌာန်းခဲ့တယ်လို့ သိရပါတယ်။