
ဧရာဝတီတိုင်းကနေ အဓမ္မစုဆောင်းခံရတဲ့ စစ်မှုထမ်း အပတ်စဉ် ၁၃ သင်တန်းဆင်းလူငယ် ၁၅၀ ကျော်ကို မန္တလေးဘက် ပို့နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ အဓမ္မစုဆောင်းခဲ့ပြီး စစ်မှုထမ်းအပတ်စဉ် ၁၃ သင်တန်း တက်ခဲ့ရပြီး သင်တန်းဆင်းခဲ့တဲ့ စစ်မှုထမ်းလူငယ်တွေထဲက လူငယ်အယောက် ၁၅၀ ကျော်ကို သြဂုတ် ၅ ရက် ညနေပိုင်းကစတင်ပြီး မန္တလေးဘက်ကို ပို့နေတာလို့ ဆိုပါတယ်။
စစ်တပ်နဲ့ နီးစပ်သူက “မန္တလေးဘက်မှာ တပ်က ပြန်သိမ်းနယ်မြေတွေ ရှိတာကြောင့် စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဖို့ဆိုပြီး အပတ်စဉ် ၁၃ သင်တန်းဆင်း တပ်သားသစ်တွေကို ပို့နေတာပါ။ ဟိုရောက်တယ်ဆို တိုက်ပွဲဝင်ရမယ်လို့တော့ တပ်သားသစ်တွေကို ထုတ်မပြောပါဘူး။ မန္တလေးဘက်မှာ ထားမယ်လို့ ဆိုတာပဲ သိရတာလေ။ တပ်ရင်းတွေကို ဟိုဘက်ရောက်မှ ပြောတာ” လို့ ပြောပါတယ်။
အဲဒီ မန္တလေးတိုင်းဘက်ကို အပို့ခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေဟာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်က အဓမ္မဖမ်းဆီးခေါ်ယူခဲ့ပြီး စစ်မှုထမ်းအပတ်စဉ် ၁၃ သင်တန်းကို ပုသိမ် ရွှေမြင်တင်လေ့ကျင့်ရေးတပ်နဲ့ အင်္ဂပူ ကွင်းကောက် လေ့ကျင့်ရေးတပ်မှာ သင်တန်းတက်ခဲ့ရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဓနုဖြူမြို့နယ်က စစ်မှုထမ်းမိသားစုဝင်တယောက်က “မိသားစုတွေ ပြိုကွဲနေရတဲ့ စစ်မှုထမ်းကိစ္စကြီးကို မရှိစေချင်ဘူး။ သားနဲ့ အဆက်အသွယ်ပြတ်နေတာ ၁ နှစ်ပြည့်ပြီ၊ စစ်မှုထမ်း အပတ်စဉ် ၄ မှာကတည်းက ဖမ်းခေါ်ထည့်ခံရတာ။ အချင်းချင်းတွေ တိုက်ခိုက်နေတာလေ” လို့ ပြောပါတယ်။
အဲဒီ မန္တလေးတိုင်းဘက်ကို အပို့ခံရတဲ့ စစ်မှုထမ်းလူငယ် အယောက် ၁၅၀ ကျော်ကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်က အရာရှိတွေက အစောင့်လိုက်ပါပြီး စစ်သုံး ဖောကားတွေနဲ့ ပို့နေတာလို့ ဆိုပါတယ်။
စစ်မှုထမ်း အပတ်စဉ် ၁၃ သင်တန်းဆင်းပြီး မန္တလေးတိုင်းဘက် အပို့ခံရတဲ့ စစ်မှုထမ်းတွေဟာ ဓနုဖြူ၊ ပန်းတနော်၊ ကျိုက်လတ်၊ သာပေါင်း၊ မြောင်းမြ၊ ဖျာပုံ၊ ဟင်္သာတ၊ အင်္ဂပူ၊ ကျောင်းကုန်း၊ ဝါးခယ်မ၊ အမာ၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ ကျုံပျော် စတဲ့မြို့နယ်တွေက အရပ်သားတွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။