Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကွမ်းရွက် ၁ ပိဿာ ကျပ် ၂၀,၀၀၀ အထိ ဈေးမြင့်တက်
DVB
·
August 7, 2025
Photo: KKL

ကွမ်းထွက်ရှိတဲ့ ဧရာဝတီတိုင်းမှာ ကွမ်းရွက်တပိဿာ ကျပ် ၂၀,၀၀၀ အထိ ဈေးထိုးတက်တယ်လို့ ကွမ်းရွက်ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လအတွင်းက ကွမ်းရွက်တပိဿာ ကျပ် ၆,၅၀၀ ကနေ ၁၁,၀၀၀ အထိသာ အမြင့်ဆုံးဈေးပေါက်ခဲ့ပြီး သြဂုတ် ၁ ရက်ကနေ ဒီနေ့အထိ ကွမ်းရွက်တပိဿာ ကျပ် ၂၀,၀၀၀ အထိ ဈေးပေါက်နေတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက ကွမ်းရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “အခု ကွမ်းဈေးက ရေကြီးရေလျှံမှုဒဏ်ကြောင့် ကွမ်းခင်းတွေပျက်ပြီး ဈေးက တက်လာတာ။ ရေမြုပ်ပြီး ပျက်စီးတာတွေဖြစ်တော့ ဈေးက ထိုးတက်နေတာ။ အခုနှစ်ထဲမှာ အမြင့်ဆုံးဈေးပဲ။ ကွမ်းက တပိဿာ ၂၀,၀၀၀ ဈေးနဲ့တောင် အရင်လို ကွမ်းကောင်းကောင်းမရဘူး။ အဝါဖောက်ကွမ်းပဲရတယ်။ ရေထိထားတဲ့ ကွမ်းတွေကိုလေ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုတွေကြောင့် ကွမ်းခြံတွေ ရေနစ်မြုပ် ပျက်စီးခဲ့တဲ့အတွက် ကွမ်းရွက်တပိဿာကို ငွေကျပ် ၂၀,၀၀၀ အထိ ဈေးပေါက်နေတာဖြစ်ပြီး အခုလို ကွမ်းဈေးထိုးတက်လာပေမဲ့လည်း ကွမ်းခြံတွေ ဆုံးရှုံးနေတာကြောင့် ကွမ်းစိုက်ပျိုးရေး လုပ်ကိုင်သူတွေအတွက် အကျိုးမဖြစ်ဘူးလို့ ဆိုပါတယ်။

ဘိုကလေးမြို့နယ်က ကွမ်းစိုက်ပျိုးသူတယောက်က “ကွမ်းမရှိမှ ကွမ်းဈေးက ထိုးတက်လာတာ ဘာအကျိုးမှမရှိဘူး ဖြစ်တာပေါ့။ ကုန်ပစ္စည်းမရှိမှ ဈေးတက်နေတာလေ။ အခုနှစ် ကွမ်းခြံတွေက စိုက်ပြီးကတည်းက တကြိမ်ပဲ ခူးရတယ်။ အကုန်ပျက်ကုန်တာ။ အရင်းတောင် ပြန်မရလိုက်ဘူး။ ကိုယ့်ကုန်ပစ္စည်းမရှိမှ ကွမ်းဈေးတက်တာ ဘာလုပ်ရမှာလဲ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ရေကြီးရေလျှံတဲ့ဒဏ်ကြောင့် ကြံခင်း၊ ညောင်တုန်း၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ပန်းတနော်၊ ဟင်္သာတ၊ ဘိုကလေး၊ ဓနုဖြူ၊ ဝါးခယ်မ၊ ဟိုင်းကြီးကျွန်း၊ သာပေါင်း၊ ကန်ကြီးထောင့်၊ မြန်အောင် စတဲ့ ကွမ်းအဓိကစိုက်ပျိုးတဲ့ ဒေသတွေက ကွမ်းခြံတွေ ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းက ဒေသခံတောင်သူတွေ စပါးနဲ့ယှဉ်တွဲကာ ကွမ်း၊ ငရုတ်၊ ငှက်ပျော စတဲ့သီးနှံတွေကို တောင်သူတယောက်ကို ၁ ဧကနေ ၁၀ ဧကအထိ စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

အာဏမသိမ်းခင် ၂၀၂၀ ပြည့်နှစ် ဧရာဝတီတိုင်းမှာ ကွမ်းရွက် တပိဿာ ကျပ် ၁,၈၀၀ ကနေ ၂,၅၀၀ အထိသာရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း တပိဿာ ကျပ် ၆,၀၀၀ ကနေ ကျပ် ၁၀,၀၀၀ အထိ ဈေးမြင့်တက်ခဲ့ကာ အခုနှစ်အထိ တပိဿာကို ကျပ် ၂၀,၀၀၀ အထိ ရောက်ရှိလာပြီလို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013