
ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ ရေကြီးရေလျှံပြီး စပါးခင်း ဧကသောင်းချီ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
ရက်ဆက်မိုးရွာသွန်းတဲ့ဒဏ်ကြောင့် ရေကြီးရေလျှံနေပြီး သာပေါင်း၊ ဟင်္သာတ၊ ကြံခင်း၊ ဒေးဒရဲ၊ ငပုတော စတဲ့ဒေသတွေက တောင်သူတွေစိုက်ပျိုးထားတဲ့ စပါးခင်းတွေ အခုဇူလိုင်လဒုတိယအပတ်က စလို့ ရေနစ်မြုပ်နေတာလို့ ဆိုပါတယ်။
သာပေါင်းမြို့နယ်က ဒေသခံ တယောက်က “စပါးခင်းတွေ အချိန်တပတ်လောက်အထိ ရေနစ်မြုပ်နေတာ။ အကုန်ပုပ်ပွပျက်စီးကုန်တော့မယ်။ တရက် နှစ်ရက်လောက် မြုပ်နေရင်တော်သေးတယ်။ ရေပြန်အကျကို စောင့်ကြည့်နေတယ်။ တပတ်ကျော်ရင်တော့ ဘာမှကိုပြန်မရမှာ သေချာပါတယ်” လို့ ပြောပါတယ်။
ရေကြီးလို့ စပါးခင်းတွေ ရေနစ်နေပေမယ့် မြေပြင်အခြေအနေကို စစ်ကောင်စီရဲ့ သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေက ဒီနေ့ ဇူလိုင် ၂၇ ရက်အထိ စစ်ဆေးစာရင်းကောက်ယူတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
ဒေးဒရဲမြို့နယ်က ဒေသခံတောင်သူတယောက်က “အခုရေတက်လာတဲ့ ပုံစံက မနှစ်ကထက် ရေကပိုတက်နေတယ်လို့ ထင်ရပါတယ်။ စိုက်ပြီးတာ ၇ ရက်လောက်ပဲ ရှိသေးတဲ့ စပါးတွေရေမြုပ်နေတာ။ လုံးဝကိုမြုပ်တာ။ မနှစ်ကလည်း ရေမြုပ်လို့ ဘာမှ ပြန်မရတော့ အတော်ဒုက္ခရောက်ခဲ့တာ”လို့ ပြောပါတယ်။
ကြံခင်း၊ သာပေါင်းနဲ့ ဟင်္သာတမြို့နယ်မှာ ရေကြီးနစ်မြုပ်တဲ့ဒဏ်ကို ပိုမိုဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကလည်း ရေကြီးရေလျှံတာကြောင့် ကလေးငယ်တယောက် သေဆုံးခဲ့ပြီး စပါးအပါအဝင် သီးနှံစိုက်ခင်းဧက ၁ သိန်း ကျော် ရေနစ်မြုပ်ပျက်စီးခဲ့ပြီး လူအယောက် သိန်းချီ ရေဘေးဒဏ်ခံစားခဲ့ရတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။