
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဇူလိုင် ၂၅ ရက်က ကိုမေး (Comay) တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ခဲ့ပြီး အနောက်တောင် မုတ်သုံလေ အားကောင်းလာပြီးနောက်မှာ ဖိလစ်ပိုင်နိုင်ငံရှိ ပြည်နယ်အများအပြားမှာ ရေကြီး၊ မြေပြိုတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မုန်တိုင်းကြောင့် အားကောင်းလာတဲ့ မုတ်သုံမိုးက ညလုံးပေါက်ရွာသွန်းမှုကြောင့် လမ်းတွေ ရေနစ်မြုပ်ခဲ့ရပြီး အနီးနားရှိ မြစ်တွေနဲ့ ချောင်းတွေ မြောင်းတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် မြောက်ပိုင်း ပမ်ပန်ဂပြည်နယ်မှာ နေထိုင်သူတွေဟာ ဒူးဆစ်လောက်အထိ နက်တဲ့ ရေလွှမ်းမိုးမှုကို ကြုံတွေ့ခဲ့ရပါတယ်။
တနာရီလေတိုက်နှုန်း ၁၂၀ ကီလိုမီတာရှိတဲ့ ကိုမေးတိုင်ဖွန်းဟာ သောကြာနေ့ မနက်အစောပိုင်းမှာ ပန်ဂါစီနန်ပြည်နယ်မှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီး တောင်တန်းဒေသကို ဖြတ်ကျော်ကာ လူဇွန်ကျွန်းကနေ ထွက်ခွာသွားပြီးနောက်မှာ အပူပိုင်းမုန်တိုင်းအဖြစ်ကို အားပျော့သွားခဲ့ပါတယ်။
အမျိုးသားသဘာဝဘေးအန္တရာယ်အေဂျင်စီရဲ့ အစီရင်ခံစာအရ ရက်သတ္တပတ်ကြာ မိုးရွာသွန်းမှုကြောင့် အများစု ရေကြီးခြင်း၊ သစ်ပင်တွေ လဲပြိုခြင်းနဲ့ မြေပြိုခြင်းတို့ကြောင့် အနည်းဆုံး လူ ၂၅ ယောက် သေဆုံးခဲ့ပြီး လူ ၈ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ကိုမေး တိုင်ဖွန်းကြောင့် တိုက်ရိုက်ဖြစ်ပွားတဲ့ အသေအပျောက် သတင်းပေးပို့ခြင်း မရှိသေးပါဘူး။ ပျမ်းမျှအားဖြင့် နှစ်စဉ် ဖိလစ်ပိုင်နိုင်ငံကို အပူပိုင်းမုန်တိုင်း အလုံး ၂၀ လောက် ၀င်ရောက် တိုက်ခတ်လေ့ရှိပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနဲ့ မြေပြိုခြင်းတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။
Source: Reuters