
ဧရာဝတီတိုင်းမှာ ရေကြီးရေလျှံမှုကြောင့် ဒေသခံတွေ အခုနှစ် စိုက်ပျိုးထားတဲ့ ကွမ်းခြံတွေ ရေနစ်မြုပ်နေပြီး ပျက်စီးဆုံးရှုံးမယ့် အခြေအနေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ အခုနှစ် ဇူလိုင်လ ဒုတိယအပတ်က စတင်ရွာသွန်းခဲ့တဲ့ မိုးဒဏ်ကြောင့် ကွမ်းခြံတွေထဲ ရေဝင်ရောက်ပြီး အချိန်တပတ်ကျော်လာတဲ့အထိ ရေနစ်မြုပ်နေဆဲလို့ ဆိုပါတယ်။
ကြံခင်းမြို့နယ်က ကွမ်းစိုက်ပျိုးသူတယောက်က “အပေါ်ထိပ်ပိုင်းက ကွမ်းလေးတွေတော့ ခူးလို့ရသေးတာကြောင့် အားချင်း ခူးနေရတယ်။ အောက်ပိုင်းတွေက အကုန်မြုပ် ပုပ်ကုန်ပြီ။ ရေက အဆမတန်တက်နေတာ မဟုတ်ဘဲ မိုးက လိုက်နေတော့ ပြန်မကျဘဲ မြုပ်နေတာ။ ဒီအခြေအနေအတိုင်းဆို အကုန်ပျက်စီးကုန်မှာ” လို့ ပြောပါတယ်။
ရေကြီးရေလျှံမှုကြောင့် ဧရာဝတီတိုင်းထဲက မအူပင်၊ ကြံခင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ပန်းတနော်၊ ဘိုကလေး၊ ဓနုဖြူ၊ ဝါးခယ်မ၊ သာပေါင်း၊ ကျောင်းကုန်းမြို့နယ်တွေက ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ ကွမ်းခြံတွေထဲ ရေဝင်ရောက်ကာ အများဆုံး ရေနစ်မြုပ်နေတာလို့ သိရပါတယ်။
ဖျာပုံဒေသခံတယောက်က “ရေမြုပ်နေတဲ့ ကွမ်းခြံတွေက တချို့ခြံတွေဆို ခူးဖို့အသင့်အနေအထား ရောက်နေတဲ့ အရွယ်နဲ့ ခူးလက်စခြံတွေ ရေမြုပ်နေတာ။ အတော်ထိခိုက်တယ်၊ နှမြောတယ်။ ကွမ်းက ရေများလည်း သေတတ်သလို ရေမရလည်း သေတတ်တယ်။ ရေက တော်ရုံတန်ရုံဆို စက်နဲ့ စုပ်ထုတ်လို့ရတယ်။ အခုအနေအထားက မလွယ်ဘူး။ ကွမ်းခြံရဲ့ ဘောင်တွေကျော်တဲ့အထိ ရေက တက်မြုပ်နေတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ကွမ်းခြံ ရေနစ်မြုပ်မှု ဖြစ်ပွားလာတာနဲ့ လက်ရှိ ကွမ်းရွက်တပိဿာကို ငွေကျပ် ၁၆,၀၀၀ အထိ ဈေးထိုးတက်လာပြီး ပြီးခဲ့တဲ့နွေရာသီ ဧပြီလနဲ့ မေလတွေမှာ ကွမ်းရွက်တပိဿာ ကျပ် ၄,၅၀၀ အထိသာ ဈေးရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းက ဒေသခံတောင်သူတွေဟာ စပါးနဲ့ယှဉ်တွဲပြီး ကွမ်း၊ ငရုတ်၊ ငှက်ပျော စတဲ့ သီးနှံတွေကို တောင်သူတယောက်ကို တဧကကနေ ၁၀ ဧကအထိ စိုက်ပျိုးကြတယ်လို့ သိရပါတယ်။