Home
မြန်မာသတင်း
မြန်မာပြည်တွင်း ၁၃ မြို့၌  ရေကြီးရေလျှံပြီး ရေဘေးဒုက္ခသည်များ အကူအညီလိုအပ်နေ
DVB
·
July 29, 2025
Photo: Ko Kyaw Thu Ya (တောင်ငူမြို့မှ ရေဘေးဒုက္ခသည်များ။)

မြန်မာနိုင်ငံအတွင်းက မြို့ပေါင်း ၁၃ မြို့နယ်မှာ ဇူလိုင် ၂၇ ရက်ကစပြီး ၂၉ ရက် ဒီနေ့အထိ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး လူပေါင်း ၁၀,၀၀၀ ကျော် ရေဘေးကြုံနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းက တာချီလိတ်မြို့နဲ့ ရှမ်းပြည်တောင်ပိုင်းက ကလော၊ အင်းလေး၊ ညောင်ရွှေ၊ ပင်လောင်းမြို့၊ တောင်ငူခရိုင်အတွင်းက အုတ်တွင်း၊ ထန်းတပင်၊ ဖြူး၊ မုန်းမြို့တို့အပြင် ပဲခူးတိုင်းက ရွှေကျင်၊ ညောင်လေးပင်နဲ့ မွန်ပြည်နယ်အတွင်းက သထုံမြို့နဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့တို့မှာ ရေကြီးရေလျှံ နေတာပါ။

ဒီနေ့မနက်ပိုင်း တိုင်းတာချက်အရ တောင်ငူခရိုင်အတွင်းက စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ် ၆၆၁ စင်တီမီတာကို ရောက်ရှိနေပြီး ရေဘေးကြုံနေရတဲ့ ကျေးရွာတွေမှာ သောက်သုံးရေတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူက ပြောပါတယ်။

"တောင်ငူမှာ မနှစ်က စံချိန်တင်ခဲ့တဲ့ စိုးရိမ်ရေမှတ်က ၈၁၉ စင်တီမီတာပါ။ ဒီနေ့မနက် ၆ နာရီ စစ်တောင်းမြစ်ရေ တိုင်းထွာချက်အရ ၆၆၁ စင်တီမီတာ ရှိနေတယ်။ ရေကတော့ ဆက်တိုးမယ် မတိုးဘူး ပြောမရသေးဘူး။ လူသေဆုံးမှုကလည်း လောလောဆယ် တဦးပဲ အတည်ပြုနိုင်သေးတယ်။ သောက်ရေအဓိက လိုအပ်ပါတယ်။"

တောင်ငူခရိုင်အတွင်းမှာ ရေဘေးကြုံနေရတဲ့ ဒေသခံ ၃၀၀၀ ထက်မနည်း ရှိနေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေနဲ့ ကျန်းမာရေး မကောင်းတဲ့ သက်ကြီးရွယ်အိုတွေကိုတော့ လူမှုကူညီရေးအသင်းတွေက ကယ်ဆယ်ရေးတွေ လုပ်ပေးနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်မှာလည်း တောင်ကျရေနဲ့ မျောပါသွားသူ ၂ ယောက်  ဒီနေ့အထိ ပျောက်ဆုံးနေတယ်လို့ ကယ်ဆယ်ကူညီရေး လုပ်ပေးနေသူတယောက်က ပြောပါတယ်။

“တောင်ကျချောင်းရေနဲ့ မျောပါသွားတာ။ ကောင်လေးတယောက်နဲ့ ကောင်မလေးတယောက် ဆိုင်ကယ်နဲ့ မျောသွားတာ။ အခုထိ ပြန်မတွေ့သေးဘူး။ ပျောက်နေတုန်းပဲ။ ဘယ်ရွာကလည်း ဘယ်သူ့သားသမီးလဲ ဆိုတာ မသိရသေးဘူး။ တောင်ကျချောင်းဆိုတော့ ရေက ကျလာတာနဲ့ ရှောင်နိုင်ဖို့က ခက်တယ်။ အရှိန်ပါတယ်။ တော်ရုံ ကျွဲနွား တိရိစ္ဆာန်တောင် ပြေးမလွတ်ဘူး။”

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာတော့ ဒီနေ့မနက်ပိုင်းမှာ ရေအနည်းငယ် ပြန်ကျသွားပြီး မြစ်ရေနဲ့အတူ မျောပါလာတဲ့ နှုန်းတွေကြောင့် သွားရေးလာရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေကြီးနစ်မြုပ်မှုတွေ ကြုံနေရတဲ့ ဒေသတွေမှာတော့ စစ်ကောင်စီတပ်က လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ ထောက်ပံ့ကူညီပေးတာမျိုး မရှိသေးဘူးလို့ DVB က ဆယ်သွယ်မေးမြန်းခဲ့တဲ့ ဒေသခံတွေက ဆိုပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာနကတော့ စစ်တောင်း၊ သံလွင်၊ ဘီးလင်း၊ သောင်ရင်းနဲ့ ရွှေကျင်မြစ်တို့မှာ စိုးရိမ်ရေမှတ်အထက် ဆက်လက်မြင့်တတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013