ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၅၆ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းထဲမှာ မိုးသက်လေပြင်း တိုက်ခတ်မှုဒဏ်ကြောင့် နေအိမ် ၂၇ လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၂၉ လုံး အမိုးလန်ပျက်စီးခဲ့ကာ အိမ်ထောင်စု ၅၆ မှာရှိတဲ့ ဒေသခံတွေ လေဘးဒဏ်ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန နဲ့ နီးစပ်သူက “ဇူလိုင်လထဲ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းရဲ့အရှိန်ကြောင့် လေပြင်းတိုက်ခတ်မှု အဖြစ်များခဲ့တယ်။ တစိတ်တပိုင်း ပျက်စီးတဲ့ အိမ်ကများပါတယ်။ ပျက်စီးတဲ့အိမ်တွေကတော့ အစုံပေါ့။ သဘာဝဘေးအန္တရာယ် ခံစားခဲ့ရတဲ့သူတွေကို သက်ဆိုင်ရာက ကူညီထောက်ပံ့ပေးတာတွေရှိပါတယ်။ လေပြင်းကြောင့် လူတွေ၊ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာမရှိခဲ့ဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ တလအတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် ဧရာဝတီတိုင်းထဲက မအူပင်မြို့နယ်က နေအိမ် ၂ လုံး၊ ဒေးဒရဲမြို့နယ်က ၃၈ လုံး၊ မြောင်းမြမြို့နယ်က ၈ လုံး၊ သာပေါင်းမြို့နယ်က ၄ လုံး၊ ဟင်္သာတမြို့နယ်က ၄ လုံး စတဲ့မြို့နယ်တွေမှာ အများဆုံး ပျက်စီးဆုံးရှုံးခဲ့တာလို့ သိရပါတယ်။
ဒေးဒရဲမြို့ခံတယောက်က “အဒေါ်တို့ဘက်မှာ လေပြင်းတိုက်တာ သိပ်မကြာဘူး၊ အရှိန်ပြင်းတော့ ပြိုကျကုန်တာ။ လုံးဝပြိုကျသွားတဲ့အိမ်က ၃ လုံးပါ။ ပျက်စီးတဲ့ အိမ်အမျိုးအစားတွေက အစုံပါပဲ။ လူတွေထိခိုက်တာ မရှိပါဘူး။ ယာယီတဲထိုး နေထိုင်နေရတယ်။ သက်ဆိုင်ရာက ငွေ နဲ့ အသုံးအဆောင်ပစ္စည်းတချို့ ထောက်ပံ့ပေးပါတယ်။ အိမ်အသစ်တလုံးရဖို့တော့ မလောက်ငဘူး” လို့ ပြောပါတယ်။
လက်ရှိ လေဘေးသင့် ဒေသခံတွေက နေအိမ်တွေ ပျက်စီးခဲ့ရတာကြောင့် နီးစပ်ရာဆွေမျိုးတွေနဲ့ အသိမိတ်ဆွေတွေရဲ့ အိမ်တွေမှာ ယာယီပြောင်းရွှေ့နေကြသလို ယာယီတဲထိုးနေနေရသူတွေ လည်း ရှိတယ်လို့ စုံစမ်းသိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း နေအိမ်တွေအပြင် စာသင်ကျောင်း တချို့နဲ့ ကျိုက်လတ်-ရန်ကုန်နဲ့ မအူပင်-ရန်ကုန် လျှပ်စစ်မီးတိုင်တွေ လဲကျခဲ့ပြီး လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့သေးတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၄၀ ကျော် ပျက်စီးခဲ့ပြီး လူ ၂ ယောက် ထိခိုက်ဒဏ်ရာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။