Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ရခိုင်လူမျိုး ၃၇ ဦး ဖမ်းဆီးခံရ
DVB
·
August 23, 2025
Photo: Htoo Ko

ပြီးခဲ့တဲ့တလအတွင်း ဧရာဝတီတိုင်းကိုရောက်နေတဲ့ ရခိုင်လူမျိုး ၃၇ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဧရာဝတီတိုင်းထဲကို ရောက်ရှိလာတဲ့ ရခိုင် အမျိုးသား ၃၁ အယောက်နဲ့ အမျိုးသမီး ၆ ယောက်ကို အာရက္ခတပ်တော် AA နဲ့ ဆက်သွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “စကစတပ်က AA နဲ့ အဆက်အသွယ်ရှိတယ်၊ AA ကြားခံသတင်းပေး လုပ်နေသူတွေ၊ အကြမ်းဖက်အားပေးတွေလို့ဆိုပြီး ဖမ်းခဲ့တာ။ အဖမ်းခံရသူတွေအားလုံးက အရပ်သား ရခိုင်တိုင်းရင်းသားတွေလို့သိရပါတယ်” လို့ ပြောပါတယ်။

ငရုတ်ကောင်းမြို့မှာ ၅ ယောက်၊ ငပုတောမြို့နယ်မှာ ၄ ယောက်၊ ဟိုင်းကြီးကျွန်းမြို့မှာ ၆ ယောက်၊ ရွှေသောင်ယံမြို့မှာ ၇ ယောက်၊ ငါးသိုင်းချောင်းမြို့မှာ ၇ ယောက်၊ ရေကြည်မြို့နယ်မှာ ၈ ယောက် ဖမ်းဆီးခံခဲ့ရတာလို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ဆိုပါတယ်။

စစ်ဘေးရှောင်အရေးကူညီပေးသူတယောက်က “ဒီနေ့အထိတော့ အမှုဖွင့်ခံရတယ်လို့ မကြားမိသေးပါဘူး။ စုံစမ်းနေပါတယ်။ တချို့လည်း စုံစမ်းလို့လည်းမရသေးတာပေါ့နော်။ အမျိုးသမီး ၆ ယောက်ပါတယ်။ အားလုံးက စစ်ရှောင်တွေပါ။ ဒီဘက်ကမိသားစုတွေဆီ စစ်ရှောင်လာရင်း အဖမ်းခံရတာ” လို့  ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေက သက်ဆိုင်ရာမြို့နယ်တွေက တပ်စခန်းတွေနဲ့ ရဲစခန်းတွေမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိူင်လကလည်း လေးမျက်နှာမြို့ကိုရောက်နေတဲ့ ရခိုင်စစ်ဘေးရှောင် ၁၁ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ၆ ယောက်ကို အမှုဖွင့်ထားပေမဲ့ ကျန်တဲ့သူတွေလည်း ဒီနေ့အထိ ပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013