Home
မြန်မာသတင်း
ပေါက်မြို့နယ်ရှိ ရွာများကို စစ်တပ်က မီးရှို့နေသဖြင့် ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးရ
DVB
·
November 5, 2025

ပျူစောထီးတွေ၊ စစ်မှုထမ်းတပ်သားတွေနဲ့စုထားတဲ့ အင်အား ၅၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းဟာ မကွေးတိုင်း၊ ပေါက်မြို့နယ်က ရွာတွေကို မီးဝင်ရှို့နေလို့ ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ) ၂၂ ကနေ ထွက်လာတဲ့ အင်အား ၅၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ နိုဝင်ဘာ ၃ ရက်ကစပြီး မကွေးတိုင်းထဲက ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးဝင်လာပြီး ရွာတွေကို မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။ 

လက်ရှိ စစ်ကြောင်းဟာ ပေါက်တောင်ပိုင်းက သီးခြောက်ကျေးရွာကို ရောက်နေပြီး နိုဝင်ဘာ ၅ ရက် မနက်မှာ သီးခြောက်ကျေးရွာအပြင် ဆင်ဇာကျေးရွာ၊ သပြေအေးရွာ စတဲ့ရွာတွေကိုပါ မီးထပ်ရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်တောင်ပိုင်း ဒေသခံတယောက်က “စစ်ကြောင်းတွေက ပခုက္ကူခရိုင်ထဲမှာ တော်တော်များပါတယ်။ မြိုင်မှာလည်းရှိသလို မြစ်ခြေနဲ့ ပေါက်မှာလည်း ရှိနေပါတယ်။ မီးရှို့ခံရတာကတော့ သူတို့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ ရွာတော်တော်များများတော့ မီးရှို့ခံရပါတယ်။ ပြီးရင် ပြည်သူကို သတ်တာတွေလည်း ရှိနေပါတယ်။ ပေါက်တောင်ပိုင်း ရွာတွေကို တောက်လျှောက် မီးရှို့နေတာတွေ ရှိနေပါတယ်။ ဘယ်နှဦး ဖမ်းဆီးသတ်ခံရလဲ မသိရသေးဘူး။ ကြားတာတော့ ၂ ဦးလို့ သိရတယ်။ မနေ့ကအထိ သီးကျောက်ရွာကို မီးထပ်ရှို့နေတယ်” လို့ ပြောပါတယ်။

စစ်ကြောင်းဝင်သွားတဲ့ ရွာတွေမှာ ဒေသခံတွေ အသတ်ခံရတာ၊ ပေါ်တာအဆွဲခံရတဲ့ ဖြစ်စဥ်တွေ ရှိနေပြီး DVB က အတည်ပြုဖို့ကြိုးစားနေပေမဲ့ ဒေသခံတွေရဲ့ လုံခြုံရေးအခြေအနေနဲ့ တိုက်ပွဲတွေကြောင့် အတည်မပြုနိုင်သေးပါဘူး။ 

အမျိုးသားညီညွတ်ရေးအစိုးရ ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနရဲ့ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်း ၃ ကြောင်းခွဲ ဝင်လာပြီး မီးရှို့နေတဲ့အတွက် ပေါက်မြို့နယ်ထဲက ကျေးရွာ ၁၉ ရွာက အရပ်သား ၁၂,၀၀၀ ကျော်ဟာ ဘေးလွတ်ရာတောတွေထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

လက်ရှိ ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ လုံခြုံတဲ့နေရာ မရသေးတဲ့အတွက် လတ်တလော သူတို့အခြေအနေတွေကို ဖြေလို့မရသေးကြောင်း ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနက DVB ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

လက်ရှိစစ်ကြောင်းဟာ ပေါက်မြို့နယ် ကပစ ၂၄ ဘက်ကို ဦးတည်နေတာဖြစ်ပြီး စစ်ကြောင်းထိုးနိုင်တဲ့ အလားအလာရှိနေတဲ့အတွက် ဒေသခံပြည်သူတွေ သတိရှိကြဖို့ တော်လှန်ရေးတပ်တွေအနေနဲ့က  သတိပေးနှိုးဆော်ထားပါတယ်။

ဆိပ်ဖြူမြို့နယ်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာ၀န်ခံ က “စစ်ကြောင်းအားလုံးက ပေါက်နယ်ဘက်ကို ကူးသွားတာ။ ကျနော်တို့ဆီက ထွက်သွားတာ အင်အား ၅၀၀ ဝန်းကျင်လောက် ပါသွားတယ်။ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတွေ၊ ပြည်သူ့စစ်တွေ ပါတယ်။ ပေါက်-ဆိပ်ဖြူ လမ်းမပေါ်မှာရှိတဲ့ ကျေးရွာတွေကစပြီး ဝင်သွားတာ။ ကပစ ၂၂ ကနေ မြောက်ဘက်ကိုထွက်ရင် ပေါက်နယ်ဘက်ကို ရောက်တာ။ အဲဒီကနေ စထွက်တာပေါ့။ ပေါက်ဘက်မှာတော့ တိုက်ပွဲတွေဖြစ်တယ်လို့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကြောင်းတွေမထိုးခင် နိုဝင်ဘာ ၂ ရက်မှာ ပေါက်မြို့နယ် အရှေ့မြောက်ခြမ်း လယ်ဘဲ့ကျေးရွာအနီးက စစ်ဘေးရှောင်တဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲချလို့ ကလေးငယ် ၂ ယောက်နဲ့ ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

မကွေးတိုင်းဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး တိုက်ခိုက်မှုတွေအပြင်၊ Paramotor စက်တပ် လေထီး တိုက်ခိုက်မှုတွေ အများဆုံးခံရတဲ့ စစ်မျက်နှာပြင်တခုလည်း ဖြစ်ပါတယ်။ 

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013