
ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အောက်တိုဘာလ တလတာအတွင်း ပြည်သူ ၇ ယောက် သေဆုံးခဲ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၃ ယောက်၊ ကျား မ ခွဲခြားမသိရသူ တယောက် သေဆုံးပြီး၊ စစ်တပ်ရဲ့ သတ်ဖြတ်တာခံရလို့ အမျိုးသား ၂ ယောက်၊ အမျိုးသမီး တယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ရှောင်အမျိုးသမီးတယောက်က “လူ့အခွင့်အရေးချိုးဖောက်တာကတော့ ပြောမနေတော့နဲ့ အများကြီးပဲ၊ လူထုတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာ တော်တော်များတာပေါ့နော်။ စပါးတွေ ပြန်ရိတ်လို့မရအောင် လက်နက်ကြီး ဒရုန်းနဲ့ ပစ်ခတ်တာလည်း ရှိတာပေါ့နော်။ စီးပွားရေးလုပ်လို့လည်းမရ၊ လေယာဥ်သံကြားတာနဲ့ကြောက်နေရတယ်"လို့ပြောပါတယ်။
စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာ၊ မိုင်းနင်းမိတာတွေကြောင့် အမျိုးသား ၈ ယောက်၊ အမျိုးသမီး ၄ ယောက်၊ ၁၈ နှစ်အောက် လူငယ် ၆ ယောက်၊ ကျား မ ခွဲခြားမသိရသူ ၃ ယောက် စုစုပေါင်း ၂၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က အောက်တိုဘာလထဲမှာ စစ်ဘေးရှောင်နဲ့ ဒေသခံတွေ စိုက်ပျိုးထားတဲ့ စပါးနဲ့ စိုက်ပျိုးသီးနှံတွေ မရိတ်သိမ်းနိုင်အောင်၊ စားနပ်ရိက္ခာ ပြတ်လပ်အောင် စပါးရိတ်မယ့်ပြည်သူတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးပစ်ခတ်တာတွေ ရှိနေတာပါ။
အောက်တိုဘာလအတွင်း ကရင်နီပြည်ထဲကို စစ်တပ်က လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ၁၁ ကြိမ် ပစ်ခတ်တာ၊ ဒရုန်းနဲ့ ၁၁ ကြိမ် ဗုံးကြဲတာ၊ စစ်ကောင်စီရဲ့ မိုင်း ၁ ကြိမ်နင်းမိတာ၊ အသတ်ခံရမှု ၂ ကြိမ်ဖြစ်ပွားတာ၊ နေအိမ်မီးရှို့ ၃ ကြိမ်တိုင်တိုင် မီးရှို့လို့ အိမ် ၄၆ လုံးနဲ့ ဘာသာရေးအဆောက်အအုံ ၁ ခု မီးလောင်တာတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။


