
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်ဘက်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၄ ရက်က စတင်ပြီး စစ်ကြောင်းထိုးနေတာကြောင့် အနီးအနားဝန်ကျင်မှာရှိတဲ့ ကျေးရွာပေါင်း ၉ ရွာက ပြည်သူတွေ ဘေးကင်းရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ရှင်မတောင်မှာ စစ်တပ်က ထိုင်ထားတာရှိတယ်။ အခု စစ်တပ်က စစ်ကြောင်းထိုးနေတာက ရှင်မတောင်အရှေ့ဘက်နဲ့ မြောက်မှာ။ စစ်ကြောင်းထိုးတဲ့ ရွာတွေကတော့ ရှောင်နေကြတယ်။ လေကြောင်းလည်း အခုတလော ဒီဘက်ဖိနေတယ်” လို့ ပြောပါတယ်။
ရှင်မတောင်အရှေ့ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းလှုပ်ရှားမှုတွေကြောင့် မြေခဲတောင်၊ ထန်းတို၊ မြစ်လှချောင်၊ ခင်မွန်၊ ချင်းယားကုန်း၊ ယာကြီးကုန်း၊ ဂွေးယားကုန်း၊ ဘောင်ဘဲ့တန်း၊ ကံ ပေါက်ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေ တိမ်းရှောင်နေရတာပါ။
စစ်ကောင်စီတပ် စစ်ကြောင်းလှုပ်ရှားရာ ကျေးရွာတွေက ပြည်သူတွေဟာ ကြိုတင် တိမ်းရှောင်ထားကြတာကြောင့် ဖမ်းဆီးခံရတာ၊ သတ်ဖြတ်ခံရတာတော့ လတ်တလောမှာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ကျနော်တို့ ဘက်မှာတော့ ရွာသားတွေ ဖမ်းခံရတာ၊ သတ်ခံရတာတော့ မရှိသေးဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ကြောင်းထိုးတယ် ကြားတယ်နဲ့ ရွာစဉ်အလိုက် ရှောင်ကြတာလေ။ စစ်ကြောင်းက မနေ့က ချင်းယားကုန်းမှာ အိပ်တယ်။ အခုပြန်ခေါက်သွားပြီး ကြားတယ်” လို့ ပြောပါတယ်။
ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ကတော့ ရေစကြိုမြို့အနီး၊ ပေကုန်းရွာနားမှာ လမ်းကင်းယူနေတဲ့ အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၈ ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်အရာရှိ ၁ ယောက်နဲ့ တပ်သား ၂ ယောက် ထိခိုက်သေဆုံးခဲ့ပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ တန်ပြန်ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာရပြီး နေအိမ် ၃ လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။


