Home
မြန်မာသတင်း
ပေါက်နှင့် မြိုင်တို့တွင် စစ်တပ်က စစ်ကြောင်းထိုးရင်း မဲဆွယ်စည်းရုံး
DVB
·
November 7, 2025

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး လုပ်ရင်း မဲဆွယ်စည်းရုံးမှုတွေပါ တပြိုင်တည်း ပြုလုပ်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်တွေကို အောက်တိုဘာလကုန်ပိုင်းကစပြီး စစ်ကောင်စီက အင်အားသုံး နယ်မြေရှင်းလင်းရေးပြုလုပ်ဖို့ ကြိုးစားနေတာပါ။

ပခုက္ကူခရိုင်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာထားပြီး ဒီဇင်ဘာ ရွေးကောက်ပွဲမတိုင်ခင် နယ်မြေထိန်းချုပ်ရေးအတွက် စစ်ကောင်စီက အင်အားသုံးနေတာပါ။

နိုဝင်ဘာ ၇ ရက်နေ့က မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကြောင်းဟာ တွင်းမ ပျူစောထီးရွာ အနောက်ဘက် ဇော်ဂျီတောင်ဘုန်းကြီးကြောင်းဘက်ကို စစ်ကြောင်းတခု၊ အင်းဘတ်ရေလှောင်တမန်ဘက်ကို စစ်ကြောင်းတခု၊ စုစုပေါင်း စစ်ကြောင်း ၂ ခုခွဲပြီး နယ်မြေရှင်းလင်းရေး ဆက်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

အညာမြေတပ်ပေါင်းစုမှ ကိုဘိုဘိုသန့်ဇင်က “မြိုင်မြို့နယ်ထဲက စစ်ကြောင်းကတော့ ပခုက္ကူ ၁၀၁ ထဲက ထွက်လာတဲ့ စစ်ကြောင်းပေါ့။ ညောင် ၈ ပင် ပျူစောထီးရွာမှာ အထိုင်ချပြီးတော့ အဲဒီ ပတ်ပတ်လည် ရွာတွေကို မွှေတာပေါ့။ စစ်ကြောင်းထိုးတာမျိုး မဟုတ်ဘဲနဲ့ စည်းရုံးရေးပုံစံတပိုင်း၊ နယ်မြေရှင်းလင်းတဲ့ ပုံစံတပိုင်း၊ ဒီလိုမျိုး လုပ်သွားတာ တွေ့ရတာပေါ့။ ရှုပ်ယှက်ခတ်နေအောင်လုပ်တဲ့ ပုံစံမျိုးပဲ ဗျူဟာကတော့။ ခဏနေ ၂ ကြောင်းခွဲသွားလိုက်၊ ခဏနေ ၃ ကြောင်း ဖြစ်သွားလိုက်၊ အဲဒီလိုမျိုးသွားတယ်။ အဲဒီလိုမျိုး သွားနေရင်းနဲ့မှပဲ သူတို့က တဖက်က ပြည်သူတွေကို မဲဆွယ်ဖို့အတွက် စည်းရုံးသလို မြိုင်မြို့နယ်ထဲကို သူတို့ ချဉ်းနင်းဝင်ရောက်လာတယ်ပေါ့။ နိုဝင်ဘာ ၂ ရက်နေ့မှာ မြိုင်မြို့နယ်ထဲကို ရောက်လာပြီးတော့ တွင်းမ ပျူစောထီးရွာထဲကို ဝင်လိုက်ထွက်လိုက် လုပ်ကြတယ်ပေါ့။ ၄ ရက်နေ့မှာ တွင်းမကနေတဆင့် နှမ်းဆီကန် ပြည်သူ့ရွာကို ဝင်လိုက် ထွက်လိုက် တရက်လုပ်ပြီးတော့ အခုထိ နှမ်းဆီကန် ပြည်သူ့ရွာထဲမှာ ရှိနေတာပေါ့။ ဘယ်ကိုဆက်ပြီး ခရီးဆက်မယ်ဆိုတာတော့ လေ့လာစောင့်ကြည့်နေပါတယ်။ ဒါကတော့ မြိုင်မြို့နယ်ဘက်က အခြေအနေပေါ့” လို့ ပြောပါတယ်။

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေကို လက်နက်ကိုင်တော်လှန်ရေး စကတည်းက စစ်ကောင်စီက အင်အားသုံး ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ လက်ရှိအချိန်အထိ မထိန်းနိုင်ဘဲ ဒေသကာကွယ်ရေးအဖွဲ့တွေက ခုခံနေတာပါ။

ဒေသတွင်း တနိုင်တပိုင် ရေနံလုပ်ကွက်တွေက ရတဲ့ဝင်ငွေတွေကြောင့် စစ်ကောင်စီကို လက်ရှိအချိန်အထိ ဒေသကာကွယ်ရေးအဖွဲ့တွေက တုံ့ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက မကွေးတိုင်းထဲမှာ အခြေစိုက်ထားတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေကို ဗဟိုပြု ချိတ်ဆက်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေကို ဖိအားပေးတိုက်ခိုက်ဖို့ ကြိုးစားနေပါတယ်။

ပေါက်-ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က “ပေါက်မြို့နယ်တောင်ပိုင်း သရဖီရွာကို မီးထပ်ရှို့နေတာပေ့ါနော်။ ပေါက်နယ်ခံ ပျူတွေနဲ့ ပေါင်းပြီးတော့ မီးရှို့နေတာပါဗျ။ ဆိပ်ဖြူကပစ ၂၂ ကနေ ပေါက်အခြေစိုက် ကပစ ၂၄ ကို ဦးတည်ထွက်လာတဲ့ စစ်ကြောင်းပါဗျ။ အဲဒီမှာ လမ်းတလျှောက် ကျေးရွာတွေကို ဒီကောင်တွေက ဝင်ရောက်စီးနင်းတာ၊ မီးရှို့ဖျက်ဆီးတာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ခဲ့တာပေါ့။ မြိုင်နယ်တောင်ပိုင်း တွင်းမပျူရွာကနေ ယမန်နေ့က ထွက်လာတာ၊ မနေ့ကနဲ့ ဒီနေ့ နှမ်းဆီကန်ရွာကို ရောက်ရှိပြီး နေအိမ်တွလည်း မီးရှို့ထားတာနော်။ အဲဒီ နှမ်းဆီကန်ရွာမှာပဲ ညအိပ်စခန်းချ နားနေတယ်ဗျ။ အဲဒါကလည်း အင်အား ၂၀၀ ကျော် ၃၀၀ ဝန်းကျင်လောက် ရှိမယ်ဗျ။ ပျူရွာတွေနဲ့ပေါင်းတော့ အင်အားက ၆၀၀ ကျော်လောက် ရှိသွားတာဗျ။ အင်အားက အများအပြားသုံးတာ ဆိုတော့နော်။ လေကြောင်းရန်ကြောင့်ရောပေါ့။ မြိုင်-ပေါက် ၃၀,၀၀၀ နီးပါးလောက် ရှိတယ်ဗျ။ စစ်ဘေးရှောင်နေရတာဗျ။ မိုးထဲရေထဲ တိမ်းရှောင်နေရတာ ဆိုတော့ အခက်အခဲကိုယ်စီတော့ ရှိတာပေါ့” လို့ ပြောပါတယ်။

နိုင်ငံတဝန်း ကာကွယ်ရေးပစ္စည်းစက်ရုံ ၂၅ ရုံထဲက ၁၅ ရုံဟာ မကွေးတိုင်းထဲမှာ တည်ရှိနေပြီး ဒီစက်ရုံတွေမှာ ရိုင်ဖယ်တွေကစပြီး လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေ ထုတ်လုပ်နိုင်ဖို့အထိ အရင်စစ်အာဏာရှင်တွေလက်ထက်က ပြင်ဆင်ထားတာပါ။

လတ်တလောမှာတော့ အာရက္ခတပ်တော် (AA) က မကွေးတိုင်းအနောက်ဘက်ခြမ်းကို စစ်ရေးအရ ဖိအားပေးတာတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေကလည်း ပြောက်ကျားစနစ်နဲ့ စစ်ကောင်စီကို တုံ့ပြန်နေပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013