မကွေးတိုင်း၊ ပေါက်မြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က အင်အား ၅၀၀ ဝန်းကျင်နဲ့ ဝင်ရောက်လာပြီး မီးရှို့နေလို့ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၃ ရက်ကစပြီး ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ) ၂၂ ကနေ ထွက်လာတဲ့ ပျူစောထီး၊ စစ်မှုထမ်းတပ်သားတွေနဲ့ စစ်ကောင်စီတပ် အင်အား ၅၀၀ ဝန်းကျင်ဟာ ပေါက်မြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုး ဝင်လာပြီး ရွာတွေကို မီးရှို့နေတာလို့ ဆိုပါတယ်။
ပေါက်တောင်ပိုင်း ဒေသခံတယောက်က “စစ်ကြောင်းတွေက ပခုက္ကူခရိုင်ထဲမှာ တော်တော်များပါတယ်။ မြိုင်မှာလည်းရှိသလို မြစ်ခြေနဲ့ ပေါက်မှာလည်း ရှိနေပါတယ်။ မီးရှို့ခံရတာကတော့ သူတို့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ ရွာတော်တော်များများတော့ မီးရှို့ခံရပါတယ်။ ပြီးရင် ပြည်သူကို သတ်တာတွေလည်း ရှိနေပါတယ်။ ပေါက်တောင်ပိုင်း ရွာတွေကို တောက်လျှောက် မီးရှို့နေတာတွေ ရှိနေပါတယ်။ ဘယ်နှဦး ဖမ်းဆီးသတ်ခံရလဲ မသိရသေးဘူး။ ကြားတာတော့ ၂ ဦးလို့ သိရတယ်။ မနေ့ကအထိ သီးကျောက်ရွာကို မီးထပ်ရှို့နေတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရိုးကြီးရွာ အနောက်ဘက် ရှားပင်ရေရွာက အသက် ၃၀ ကျော်အရွယ် ကိုရွှေမင်းနဲ့ ရိုးကြီးတောရွာက အသက် ၄၀ အရွယ် ကိုကျော်နိုင်ထွန်း တို့ကို ဖမ်းဆီး သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
အဲဒီ စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ပေါက်မြို့နယ်ထဲက ကျေးရွာ ၁၉ ရွာက အရပ်သား ၁၂,၀၀၀ ကျော်ဟာ ဘေးလွတ်ရာ တောတွေထဲ ထွတ်ပြေးတိမ်းရှောင်နေရတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့က ထုတ်ပြန်ထားပါတယ်။
ဆိပ်ဖြူမြို့နယ်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာ၀န်ခံက “ကပစ ၂၂ ကနေ ထွက်သွားတာပေါ့နော်။ ဆိပ်ဖြူဘက်မှာတော့ ဘာမှမဖြစ်လိုက်ဘူး။ စစ်ကြောင်းအားလုံးက ပေါက်နယ်ဘက်ကို ကူးသွားတာ။ ကျနော်တို့ဆီက ထွက်သွားတာ အင်အား ၅၀၀ ဝန်းကျင်လောက် ပါသွားတယ်။ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတွေ၊ ပြည်သူ့စစ်တွေ ပါတယ်။ ပေါက်-ဆိပ်ဖြူ လမ်းမပေါ်မှာရှိတဲ့ ကျေးရွာတွေကစပြီး ဝင်သွားတာ။ ကပစ ၂၂ ကနေ မြောက်ဘက်ကိုထွက်ရင် ပေါက်နယ်ဘက်ကို ရောက်တာ။ အဲဒီကနေ စထွက်တာပေါ့။ ပေါက်ဘက်မှာတော့ တိုက်ပွဲတွေဖြစ်တယ်လို့ သိရတယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ပေါက်မြို့နယ်က ကပစ ၂၄ ကို ဦးတည်နေတာဖြစ်ပြီး ဆက်လက် စစ်ကြောင်းထိုးနိုင်တဲ့အပြင် တော်လှန်ရေးတပ်တွေနဲ့လည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ပြည်သူတွေ သတိရှိကြဖို့လည်း တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။
စစ်ကြောင်းတွေမထိုးခင် နိုဝင်ဘာ ၂ ရက်မှာ ပေါက်မြို့နယ် အရှေ့မြောက်ခြမ်း လယ်ဘဲ့ကျေးရွာအနီးက စစ်ဘေးရှောင်တဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲချလို့ ကလေးငယ် ၂ ယောက်နဲ့ ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။







