
စစ်တပ်က ရွေးကောက်ပွဲ ဝါဒဖြန့်ဖို့အတွက် အနုပညာရှင်တွေကို ပြင်းပြင်းထန်ထန် ဖိအားပေးနေတဲ့အတွက် ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်၊ ထွန်းအိန္ဒြာဗိုလ်၊ ခိုင်သင်းကြည်၊ တိုင်ရွန်၊ ထူးအောင် စတဲ့ အနုပညာရှင် တော်တော်များများ နိုဝင်ဘာလ ၇ ရက်မှာ ကမ်ပိန်းဗီဒီယို ရိုက်ကူးပေးခဲ့ရတယ်လို့ အနုပညာအသိုက်အဝန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရွေးကောက်ပွဲ ဝါဒဖြန့်မှု ရိုက်ကူးရေးတွေမှာ မပါဝင်လို့ နိုဝင်ဘာ ၅ ရက်က ဖမ်းဆီးခံခဲ့ရတဲ့ နာမည်ကြီးသရုပ်ဆောင် ဖွေးဖွေးဟာ လက်ရှိမှာတော့ ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့ သိရပါတယ်။
ဖွေးဖွေးကို ပြင်ဦးလွင်မှာ ‘မတန်မရာ’ ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးနေတုန်း ရဲတွေက လာရောက် ဖမ်းဆီးခဲ့ပြီး ရန်ကုန်အထိ ခေါ်ဆောင်သွားခဲ့တာလို့ နီးစပ်သူက ဆိုပါတယ်။
“ဖွေးဖွေးက ပြင်ဦးလွင်မှာ ‘မတန်မရာ’ ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်နေတာ အဲဒီအချိန်မှာ စကမ က ရွေးကောက်ပွဲ ကမ်ပိန်းဗီဒီယိုရိုက်ဖို့ ခေါ်တာ၊ အဲဒါဖုန်းလဲမကိုင် အကြောင်းလဲ မပြန်လို့ ပြင်ဦးလွင်ကနေ ရန်ကုန်အထိ ရဲတွေနဲ့ လာခေါ်သွားတာ၊ ပြင်ဦးလွင်ရဲစခန်းမှာ မဟုတ်ဘဲ အတင်း ရန်ကုန်ခေါ်သွားတာ ပြီးတော့ ဘာအဆင်မပြေတာရှိလဲဆိုပြီး ခေါ်မေးတာပါဆိုတဲ့ သတင်းတွေ ထွက်လာတယ်၊ အမှန်က အတင်းအကျပ်ကို ရဲတွေနဲ့ ခေါ်သွားတာ၊ ပြီးတော့ အခု ခံဝန်နဲ့ ရိုက်ပေးပါ့မယ်ဆိုတော့ လွှတ်ပေးလိုက်တယ်။”
စစ်အုပ်စုက အနုပညာရှင်တွေကို ရွေးကောက်ပွဲ ဝါဒဖြန့် ကမ်ပိန်းတွေမှာ နိုဝင်ဘာ ၅ ရက်နေ့ နောက်ဆုံးထား ပါဝင်ဖို့ ညွှန်ကြားထားပြီး အလင်းရောင် နဲ့ ဖွေးဖွေးက နိုဝင်ဘာ ၅ ရက် ညနေအထိ ဆက်သွယ်လို့မရဘူးလို့ စစ်အုပ်စု ဝါဒဖြန့် ကျော်မျိုးမင်းက ပြောဆိုပြီးတဲ့နောက် နာမည်ကြီး သရုပ်ဆောင် ဖွေးဖွေးဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံခဲ့ရတာပါ။
ဒါပေမဲ့ စစ်အုပ်စု ဝါဒဖြန့်သူတွေကတော့ ဖွေးဖွေးဟာ ဖမ်းဆီးခြင်းခံရတာမဟုတ်ဘဲ ခေါ်ယူစစ်ဆေးခံရတာသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။
ရွေးကောက်ပွဲ ကမ်ပိန်းနဲ့ သက်ဆိုင်တဲ့ စာသားတွေကို ရွတ်ပေးတဲ့ ဗီဒီယိုတွေ ရိုက်ကူးဖို့ စစ်ကောင်စီက အနုပညာရှင်တချို့ကို ပြင်းထန်တဲ့ ဖိအားပေးနေတာဖြစ်ပြီး သရုပ်ဆောင်တွေပြီးရင် အဆိုတော်တွေကိုပါ ဖိအားပေးဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။


