
အာဏာသိမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စစ်တမ်းကောက်ယူရာမှာ ဖြေဆိုသူ ၉၉ ရာခိုင်နှုန်းက တရားမျှတမှုမရှိနိုင်ဘူးလို့ ယုံကြည်ကြောင်း ပြောခဲ့တယ်လို့ ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း (Platform for People Movement) က နိုဝင်ဘာ ၈ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်တမ်းဖြေဆိုသူ ၉၉ ရာခိုင်နှုန်းက စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲက မြန်မာနိုင်ငံရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်းလည်း ဖြေကြားခဲ့ပါတယ်။
ဖြေဆိုသူ ၉၆ ရာခိုင်နှုန်းကတော့ စစ်တပ်ရွေးကောက်ပွဲကို မဲမပေးဘူလို့ ဖြေကြားထားပါတယ်။
အဲဒီစစ်တမ်းကို မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်း ၁၄ ခုအပြင် နေပြည်တော်ကောင်စီနယ်မြေနဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေအပါအဝင် ၃,၇၀၀ ကျော်ကို မေးမြန်းကောက်ယူထားတာ ဖြစ်ပါတယ်။
စစ်တမ်းကောက်ယူရာမှာ မြို့နယ်ပေါင်း ၂၇၁ ခုက ပြည်သူတွေ ပါဝင်ဖြေဆိုထားပြီး အဲဒီအထဲမှာ ရွေးကောက်ပွဲလုပ်မယ်လို့ အာဏာသိမ်းစစ်တပ်က ကြေညာထားတဲ့ မြို့နယ်ပေါင်း ၁၅၃ မြို့နယ် ပါဝင်ပါတယ်။
စစ်တမ်းကောက်ယူတာကို လူမှုကွန်ရက်ကနေ ကောက်ယူသလို လုံခြုံရေးစိတ်ချရတဲ့ နေရာတွေမှာတော့ မြေပြင်မှာ ကောက်ယူခဲ့တာလို့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားပါတယ်။


