Home
မြန်မာသတင်း
ရွေးကောက်ပွဲသတင်းယူမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီက ပိုမိုတင်းကျပ်ထိန်းချုပ်လာဟု RSF ပြော
DVB
·
November 7, 2025

မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာဟန်ဆောင်ပြီး သတင်းရေးသားမှုတွေအပေါ် ပိုပြီးတော့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့အကြောင်း ပါရီအခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့(RSF) က နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

RSF အဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဗျူရို ဒါရိုက်တာ စီဒရစ် အယ်လ်ဗီယာနီက “သတင်းထောက်တွေကို ၄ နှစ်ကျော် ဖိနှိပ်ထားချိန်မှာပဲ မြန်မာအာဏာရှင်ဟာ မီဒီယာတွေကို သတင်းယူခွင့် ပြုဟန်ဆောင်နေတာဟာ သူတို့ဘယ်လောက်ထိတောင် သူတော်ကောင်း ဟန်ဆောင်နေတယ်ဆိုတာကို ဖော်ပြနေတာပါ။ ဘယ်သူကမှ လှည့်စားမခံပါဘူး။ ဒီအစီအမံဟာ ကန့်သတ်ချက်အသစ်တွေကို တရားဝင်ဖြစ်စေဖို့ ရိုးရှင်းတဲ့ နည်းဗျူဟာတခုသာ ဖြစ်ပါတယ်။ စစ်အာဏာရှင်အနေနဲ့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတခုကို တကယ်ပြသချင်တယ်ဆိုရင် ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၅၁ ယောက်ကို ချက်ချင်းလွှတ်ပေးပြီး နိုင်ငံတကာ မီဒီယာတွေကို  အမှန်တကယ်ဖွင့်လှစ်ပေးပြီးတော့ စာနယ်ဇင်းတွေကို စနစ်တကျထိန်းချုပ်တဲ့ မူဝါဒကို အဆုံးသတ်ရပါမယ်” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လာမယ့် ဒီဇင်ဘာလနဲ့  ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အထွေထွေရွေးကောက်ပွဲတွေမှာ ပြည်တွင်းပြည်ပက သတင်းသမားတွေကို သတင်းရယူဖို့ ခွင့်ပြုသွားမယ်လို့ ကြေညာထားခဲ့ပေမဲ့ ဒီနောက်ကွယ်မှာတော့ သူတို့က မဲပေးခွင့်ကို ထိန်းချုပ်နိုင်ဖို့ အခြေအနေတွေကို ပြင်ဆင်နေတယ်လို့လည်း RSF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စာနယ်ဇင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တဲ့အစိုးရတရပ်အဖြစ် သတ်မှတ်ခံထားရတဲ့ စစ်ကောင်စီရဲ့ ပြည်တွင်းနဲ့ ပြည်ပသတင်းဌာနတွေကို ရွေးကောက်ပွဲသတင်းရယူ ခွင့်ပြုမယ်ဆိုတဲ့ ကြေညာချက်ဟာ တင်းကျပ်တဲ့ အခြေအနေတွေနဲ့အတူ ထွက်ပေါ်လာခဲ့ပြီး သတင်းယူဖို့အတွက် သူတို့ဆီကနေ တရားဝင်အသိအမှတ်ပြုလက်မှတ်ရယူရမယ်လို့ သတ်မှတ်ထားခဲ့တာပါ။ 

ဒါ့အပြင် ရွေးကောက်ပွဲကို ကာကွယ်နိုင်ဖို့အတွက် နှောင့်ယှက်ဖျက်ဆီးသူတွေကို ထောင်ဒဏ် အနည်းဆုံး ၃ နှစ်ကနေ ထောင်ဒဏ်တသက်တကျွန်းနဲ့ သေဒဏ် အထိ ချမှတ်နိုင်နဲ့ ဥပဒေတရပ်ကိုလည်း စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာပဲ ပြဋ္ဌာန်းခဲ့ပါသေးတယ်။

“ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ” လို့ အမည်ပေးထားတဲ့ အဆိုပါဥပဒေထဲမှာတော့ ရွေးကောက်ပွဲ လုံခြုံရေးကော်မတီတွေကို ဗဟိုအဆင့်ကနေ ပြည်နယ်/တိုင်း၊ မြို့နယ်တွေအထိ ဖွဲ့စည်းမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ  ဥပဒေအရ ရွေးကောက်ပွဲကို ပျက်ပြားစေဖို့ ဟောပြောတာ၊ ပြောဆိုတာ၊ စည်းရုံးတာ၊ လှုံ့ဆော်တာ၊ ဆန္ဒပြတာ၊ စာရေးသား ဖြန့်ဝေတာတွေကို ပြုလုပ်ပါက အရေးယူမှာဖြစ်သလို ခြိမ်းခြောက်တာ၊ ဟန့်တားတာ၊ မလျော်ဩဇာသုံးတာ၊ နာကျင်စေတာ၊ အပြင်းအထန် နာကျင်စေတာ၊ လူစုလူဝေးနဲ့ ကန့်ကွက်တာ၊ လူသေဆုံးစေတာမျိုးတွေ ဖြစ်ပေါ်လာပါက ပြစ်မှုကို လိုက်ပြီးတော့ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ထောင်ဒဏ် တသက်တကျွန်းနဲ့ သေဒဏ်တို့ကို ချမှတ်မယ်လို့ ဖော်ပြထားတာာပါ။

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးတိုး ဇော်လတ်ကတော့ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ သတင်းထောက်တွေကို ခြိမ်းခြောက်ဖို့၊ သူတို့ကို ဝေဖန်ဖို့၊ ဒါမှမဟုတ် လွတ်လပ်စွာ သတင်းရယူဖို့ ကြောက်ရွံ့စေဖို့ ရည်ရွယ်မှုအဖြစ် ရှုတ်ချလိုက်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီရဲ့ အကြမ်းဖက်နှိမ်နင်းမှုအောက်မှာ လွတ်လပ်တဲ့ စာနယ်ဇင်းလုပ်ငန်းတွေ ပျောက်ကွယ်သွားလုနီးပါး ဖြစ်ခဲ့သလို RSF အဖွဲ့ရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ မီဒီယာဌာန ၆၀ လောက်ဟာ အဓိကအားဖြင့် ထိုင်းနိုင်ငံဆီ ပြည်နှင်ဒဏ်ပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဒီကနေ့အထိ သတင်းထောက် ၅၁ ယောက်ဟာ သူတို့ရဲ့ အလုပ်ကြောင့် အကျဉ်း ထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသလို နိုင်ငံခြား မီဒီယာအများစုဟာလည်း နိုင်ငံထဲက ထွက်ခွာသွားခဲ့ကြရတယ်လို့ ဆိုပါတယ်။

RSF အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံက ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ထဲ အဆင့် ၁၆၉ မှာ ရပ်တည်နေပြီး တရုတ်နိုင်ငံရဲ့ နောက် ကမ္ဘာ့ဒုတိယအမြင့်ဆုံး သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့ နိုင်ငံအဖြစ် ရှိနေပါတယ်။ 

Source:  Reporters Without Borders(RSF)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013