
စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာ၊ ပါတီရုံးခန်းတွေ ဖွင့်လှစ်တာ၊ မဲဆွယ်စည်းရုံးတာတွေလုပ်ရင် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်၊ ငွေကျပ် သိန်း ၂၀ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ခုလုံး ချမှတ်ခံရမယ်လို့ ချင်းပြည်ကောင်စီ(CC)က အောက်တိုဘာ ၆ ရက် ဒီကနေ့ ထုတ်ပြန်သတိပေးလိုက်ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ချင်းအမည်ခံ နိုင်ငံရေးပါတီထောင်တာ၊ ပါတီရုံးခန်း ဖွင့်လှစ်တာ၊ မဲဆွယ်စည်းရုံးတာ၊ အတင်းအဓမ္မ ဆန္ဒမဲပေးဖို့ ခြိမ်းခြောက်ပြောဆိုတာ၊ အတုအယောင် ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ ဘယ်အစိုးရ ဒါမှမဟုတ် ဘယ်ယန္တရားတွေကိုမျှ ပါဝင်ပတ်သက် ပူးပေါင်းတာမလုပ်ကြဖို့ သတိပေးတားမြစ်ထားပါတယ်။
ခုလိုတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ဖောက်ဖျက်ကျူးလွန်သူရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခွင့်ရှိသလို ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ထောင်ဒဏ် ၅ နှစ်၊ ငွေကျပ် ၁၀ သိန်းကနေ သိန်း ၂၀ ၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ရပ်လုံးချမှတ်မယ်လို့ သတိပေးထားပါတယ်။
စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးဖို့နဲ့ ပြည်သူ့အခြေခံ အခွင့်အရေးတွေကို ကာကွယ်နိုင်ဖို့အတွက် အခုလို အမိန့်ကြေညာချက်တွေကို ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။
ခုလို အမိန့်ကြေညာချက်ထုတ်ပြန်ရတာရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီအခွင့်အရေးနဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့၊ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်နေသူတွေကို အရေးယူနိုင်ဖို့၊ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ အရပ်သားတွေ ထိခိုက်မှုမရှိစေဖို့၊ ရွေးကောက်ပွဲရလဒ်ကို တရားဝင်မှုမရှိစေဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဖောက်ဖျက်ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲခံရသူတွေကို အရေးယူဆောင်ရွက်ရာမှာလည်း သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းဥပဒေတွေနဲ့ လျော်ညီစွာ ကိုင်တွယ်မှာဖြစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနဲ့ ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာ စံချိန်စံနှုန်းအတိုင်း ဆောင်ရွက်သွားမယ်ဆို့ ဆိုထားပါတယ်။
ကေခိုင်




