
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ စစ်ကောင်စီက စစ်ကြောင်း ၃ ခုခွဲပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။
မတ္တရာမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းပစ်ကူ ပေးတာတွေကြောင့် သိမ်းယူထားတဲ့ စခန်းအများစုကို ဒေသကာကွယ်ရေးအဖွဲ့တွေက ပြန်လက်လွှတ်ထားရပေမဲ့ အတတ်နိုင်ဆုံး ခုခံတိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီက စဉ့်ကူးမြို့ကို ပြန်သိမ်းပိုက်နိုင်ရေးအတွက် မတ္တရာနဲ့ သပိတ်ကျင်းနယ်တွေကတဆင့် စဉ့်ကူးနယ်ဘက်ကို ဦးတည်ပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူ ကိုဒေါင်းက “မတ္တရာဘက်မှာ စစ်ကြောင်းက မငြိမ်ဘူးဗျ။ ကျနော်တို့ တံငါ(တောင်)ဘက်က စစ်ကြောင်းက မတ္တရာနယ် မြောက်ခြမ်း တံငါ(မြောက်)ရွာရဲ့ အနောက်ဘက် နေပူကုန်းရွာဘက်ကို ကူးလာပါတယ်ဗျ။ ကူးလာပြီးတော့ ကျနော်တို့ မတ္တရာမြောက်ခြမ်း ချောင်းမန်းကျီးရဲ့ မြောက်ဘက် တံငါ(မြောက်)ရွာရဲ့ အနောက်ဘက် နေပူကုန်းရွာဘက်မှာ ကျနော်တို့ ထိတွေ့မှုတွေတော့ ဖြစ်နေတာပေါ့။ ကျန်စစ်ကြောင်း ၂ ကြောင်းက ကျနော်တို့ မတ္တရာမြို့နယ် အရှေ့မြောက်ခြမ်း ဆည်တော်ကြီးဘက်ကို ဦးတည်နေပါတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီက မြို့ပေါ်နေရာတွေမှာ ပီပီပြင်ပြင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့ မန္တလေးဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေကို မြို့တွေနား မကပ်နိုင်အောင် ဖိအားပေး တိုက်ခိုက်နေတာပါ။
မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့ပေါ်တွေမှာ တပြိုင်တည်း ရွေးကောက်ပွဲပြုလုပ်မှာမဟုတ်ဘဲ လုံခြုံရေးထိန်းနိုင်အောင် အလှည့်နဲ့ ရွေးကောက်ပွဲပြုလုပ်သွားဖို့ ပြင်ဆင်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ကျေးရွာတွေဘက်ကို ဖိအားပေး စစ်ကြောင်းထိုးနေချိန်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက မြို့တွေအနီးက စစ်ကောင်စီဂိတ်စခန်းတွေကို ပြောက်ကျားထိုးစစ်ဆင်ပြီး တန်ပြန်တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။
နိုဝင်ဘာ ၄ ရက်က မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာက ပျူစောထီးနဲ့ စစ်ကောင်စီ ပူးပေါင်း ဂိတ်စခန်းကို မြင်းခြံခရိုင် တပ်ရင်း-၇ က ပြောက်ကျားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
မြင်းခြံခရိုင်တပ်ရင်း-၇ တာဝန်ရှိသူ ဗိုလ်ဇီးရိုးက “မြင်းခြံမြို့နဲ့ရော နောက် မြင်းခြံ ခမရ ၁၅ စစ်တပ်နဲ့ အနီးဆုံး ၂ မိုင်လောက်မှာရှိတဲ့ မန္တလေး-မြင်းခြံ-တံတားဦးလမ်းပေါ်က လယ်သစ်က စစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာပါ။ အဲဒီမှာက ပျူစောထီး၊ ရဲ၊ စစ်သားရော သုံးဖွဲ့လုံး ထိုင်နေတာ ရှိပါတယ်။ သေသွားတဲ့အထဲမှာ လယ်သစ်မှာ အစဉ်အဆက် အုပ်ကြီးလုပ်တဲ့ ငမင်း ဆိုတဲ့တယောက် ပါသွားတယ်။ ဒီနေ့ နာရေးသင်္ဂြိုဟ်သွားတယ်လို့ သိရပါတယ်။ ဒီပွဲမှာ စခ၊ ပခ၊ ရခ သေဆုံးသတင်းက ၈ ကောင်ရရှိပြီးတော့ ဒဏ်ရာရတာ ၁၀ ယောက်လို့ နယ်မြေခံတွေရဲ့ ပြောကြားချက်အရ ကျနော်တို့ သိရပါတယ်။ ရွေးကောက်ပွဲကို နှောင့်ယှက်မယ်၊ ဟန့်တားမယ် ဆိုတာမျိုးထက် ကျနော်တို့က ကျနော်တို့ လုပ်စရာရှိတဲ့ ရန်သူကို ရန်သူလို ရင်ဆိုင်ပြီး သူတို့ကို တွန်းလှန်တော်လှန်ဖို့ ဒါမျိုးပဲ ကျနော်တို့မှာ ရှိပါတယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက်က မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က လက်လွှတ်မယ်လို့ ကြေညာပြီးနောက် ရှမ်း-မန်း နယ်စပ် စစ်ရေးအခြေအနေတွေ ရှုပ်ထွေးနေတာပါ။
မန္တလေးဒေသတွင်းမှာ စစ်ကောင်စီက စစ်ရေးအရှိန်မြှင့်နေသလို ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးကလည်း တော်လှန်စစ်အတွက် လူငယ်တပ်သားသစ်တွေ ထပ်မံဖိတ်ခေါ်တဲ့ ကြေညာချက်ကို အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ပြီး အင်အားဖြည့်တင်းဖို့ ကြိုးစားနေပါတယ်။
သုတချမ်းသာ




