
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာ ဆုံးရှုံးထားတဲ့ တပ်စခန်းတွေ ပြန်လည်ရယူဖို့ တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က အထိခိုက် အကျဆုံးများပေမဲ့ အင်အားသုံးပြီး ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းမှာ ဆုံးရှုံးထားတဲ့တပ်စခန်းတွေကို ပြန်လည်ရယူဖို့ ဝေဟင်နဲ့ မြေပြင်ပစ်ကူရယူပြီး စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေ ထိုးဖောက်ဝင် ရောက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ လေးကေ့ကော်ဒေသ ရသေ့ဂူ၊ လေးကပါ်ရေတံခွန်၊ ကျော်ဝါးဘိုး တောင်ကြောကို ထိုးဖောက်လာတာကြောင့် KNLA ပူးပေါင်း စစ်ကြောင်းတွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ဘက်က ထိခိုက်သေဆုံးသူများတဲ့အပြင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းခံခဲ့ရပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “လတ်တလောမှာတော့ ဖြိုနိုင်တယ်။ သူ(စစ်ကော်မရှင်)လုပ်တဲ့ နည်းစနစ်က သူအင်အားရာကျော်ကိုပေးဖြုန်းပြီးတော့ ကျနော်တို့ဘက်က တယောက်ရရ၊ ၂ ယောက်ရရ ခြွေယူနေတာ။ အဲတော့ သူတို့က လူအင်အားသုံးတယ်။ စစ်ပစ္စည်း၊ လက်နက်အင်အားသုံးတယ်။ လေယာဉ်သုံးတယ်။ မနေ့ကဆိုရင် လေယာဉ်က ၂ ရက်ဆက်တိုက်က တနေ့ကုန် တညလုံး အဲလိုမျိုးသုံးနေတော့ ပစ္စည်းအင်အားနဲ့ ဖိမယ်ထင်တယ်” လို့ ပြောပါတယ်။
စစ်တပ်က မြဝတီ-ဝေါလေ လမ်းပိုင်းကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ရမ်းပစ်ခတ်တာအပြင် လေကြောင်းရန်ကိုစိုးရိမ်ပြီး လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ သောင်ရင်းမြစ် တဘက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လက်ရှိမှာ စစ်ရှောင်ပြည်သူတွေဟာ အဆင်ပြေအောင် နေထိုင်နေရပြီး စစ်တပ်ရဲ့ စစ်ကြောင်းတွေ မရောက်လာနိုင်အောင် တော်လှန်ရေးတပ်တွေက ကာကွယ်ပေးထားတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
စစ်ရှောင်တယောက်က “စစ်ရှောင်တွေကတော့ အဆင်ပြေသလိုနေကြရတယ်။ အခုက ရွာသားတွေက ကမ်းနားမှာပဲနေကြတယ်။ စစ်ရှောင်တွေလည်း အဲဒီမှာပဲဆိုတော့ ဒီဘက်ကို သူတို့ ရောက်လာမလား။ မလာဘူးလား။ လာရင်တော့ တမျိုးစီစဉ်ရမှာပေါ့။ ဒီဘက်ကို(စစ်တပ်)ရောက်လာရင်တော့ ဟို(ထိုင်း)ဘက်ကမ်းကူးရမှာပေါ့။ ထိုင်းဘက်ကမ်းကူး ရမယ်။ အခုက အဆင်ပြေပါတယ်။ ရွာထဲမှာလည်း လုံခြုံရေးတွေ ရှိတယ်။ သူတို့(စစ်တပ်) မရောက် လာနိုင်ဘူးထင်တာပဲ။ သူတို့ကာကွယ်နေတော့”လို့ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ အောက်တိုဘာလ နောက်ဆုံးပတ်ကစပြီး မိုးရွာသွန်းခဲ့တာကြောင့် စစ်ရှောင်စခန်းတွေမှာ တာလပတ်နဲ့ မိုးကာတွေ လုံလောက်မှုမရှိတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါအပြင် စားသောက်ရေးမှာလည်း လုံလောက်မှုမရှိတာကြောင့် အလှူရှင်တွေကို အားကိုးနေရတယ်လို့ စစ်ရှောင်အရေးကူညီပေး နေသူတွေက ပြောပါတယ်။
အောင်ခန့်




