
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတကာ အသိအမှတ်ပြုခံရရေးအတွက် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကိုသာ ဦးစားပေးနေပြီး ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လာရင် အထိမခံဘဲ ဝေဖန်ရင် ဖမ်းဆီးတာ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒနယ်မြေရယူနိုင်ဖို့ အပြင်းအထန် စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်အနေနဲ့ ပြည်တွင်းရော ပြည်ပမှာပါ အသိအမှတ်ပြုမှု၊ တရားဝင်မှုမရတဲ့ စိန်ခေါ်မှုကို အကြီးအကျယ် ခံနေရတာပါ။
တရားဝင်မှုရချင်တဲ့ စစ်အုပ်စုဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြွေးကြော်သံနဲ့ အားလုံးပါဝင်တဲ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပပေးမယ်ဆိုပြီး ကြွေးကြော်နေသလို ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်မှုအဖြစ် စစ်ကောင်စီကို ဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဆိုတဲ့ စစ်ကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။
ဒီလိုဖွဲ့စည်းပြီးနောက် တင်းကျပ်တဲ့ ဥပဒေအသစ်တွေလည်း ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ ရွေးကာဥပဒေလို့ခေါ်တဲ့ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေလည်း ပါဝင်ပါတယ်။
အဲဒီဥပဒေဟာ သေဒဏ် အပါအဝင် ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ပါဝင်သလို ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး နှုတ်နဲ့ပြောရုံနဲ့ ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချလို့ရပါတယ်။
မန္တလေးနိုင်ငံရေးစင်္ကြံဖြစ်မြောက်ရေးအဖွဲ့ (OFMPP) မှ ကိုဇင်က “ဒီရွေးကောက်ပွဲက အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဟုတ်တယ်၊ ပါတီစုံရွေးကောက်ပွဲ ဟုတ်ပါတယ် ဆိုတာမျိုးနဲ့ နိုင်ငံတကာကိုရော ပြည်တွင်းမှာရော ဒါ သူတို့ ဝါဒဖြန့်တယ်၊ သတင်းအချက်အလက် အလွဲအမှားတွေပေးပြီးတော့ လုပ်နေတာရှိတယ်။ ဒါကတပိုင်းပေါ့၊ ဒီ့အပြင်မှာ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမမျှတတဲ့ အကြောင်းတွေ ဒါမှမဟုတ် ရွေးကောက်ပွဲဆိုင်ရာ ဝေဖန်သုံးသပ်တဲ့ အကြောင်းတွေ ပြောကြဆိုကြတဲ့ ရေးကြသားကြတဲ့ ပြည်သူတွေကိုလည်း ဒီမတရားဥပဒေ ပြဋ္ဌာန်းပြီးတော့ ဖမ်းဆီး အရေးယူတာတွေ ရှိတယ်ပေါ။ ဒီဟာတွေကို ခြုံပြီးပြောရင်တော့ ရွေးကောက်ပွဲ အကြမ်းဖက်မှုလို့ ပြောလို့ရတာပေါ့” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက်အထိ ရွေးကောက်ပွဲကို ဝေဖန်လို့ဆိုပြီး အဲဒီ ရွေးကာဥပဒေနဲ့ ၈၈ ယောက်ကို အရေးယူခဲ့ပါတယ်။ ဒီလို ဖမ်းဆီး အရေးယူခံရသူတွေထဲ အသက်မပြည့်သေးတဲ့ လူငယ်တွေလည်း ပါဝင်သလို ရွေးကောက်ပွဲ ဝါဒဖြန့် ရုပ်ရှင်တွေကို ဝေဖန်ခဲ့တဲ့ အနုပညာရှင် ၅ ယောက်လည်း ပါဝင်ပါတယ်။
ဒါတွေက စစ်အုပ်စုက သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ သူတို့ရဲ့ရွေးကောက်ပွဲကို ပြည်သူတွေ မဆန့်ကျင်ရဲအောင် ဖိနှိပ်တာတွေ ဖြစ်ပါတယ်။
တဖက်မှာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ဆိုပြီး တော်လှန်ရေးအင်အားစုတွေဆီမှာ လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ လေကြောင်း၊ လက်နက်ကြီးတွေ သုံးပြီး စစ်ကြောင်းထိုးတာ၊ ရွာတွေကို မီးရှို့တာတွေလည်း အပြင်းအထန် လုပ်ဆောင်နေပါတယ်။
စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့ မြို့နယ်တွေမှာ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးပြင်းထန်တဲ့ နယ်မြေတွေ ပါဝင်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက မြို့နယ် ၆၃ မြို့နယ်ကို အရေးပေါ်ကြေညာထားပြီး အဲဒီကြေညာထားတဲ့ မြို့နယ်တွေထဲ ၁၅ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုပြီး ကြေညာထားပြန်ပါတယ်။
အဲဒီ ၁၅ မြို့နယ်ထဲက ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲနဲ့ သီပေါကိုတော့ စစ်ကောင်စီက မကြာသေးခင်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။
အမ်း၊ ဂွ၊ သံတွဲ၊ တောင်ကုတ် မြို့နယ်တွေကိုတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးကိုတော့ စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ကတော့ ကရင်၊ မွန်နဲ့ တနင်္သာရီ ပြည်နယ်သုံးခုက မြို့နယ် ၁၅ ခုလောက်မှာ စစ်ကောင်စီရဲ့ စစ်ရေးဖိအားပေးမှုတွေက တိုးလာတယ်လို့ ဆိုပါတယ်။
မဲဆန္ဒနယ်မြေတွေကို ရယူနိုင်ဖို့ လုပ်ဆောင်မှုတွေကြောင့် ပြည်သူတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခါးစည်းခံနေရတယ်လို့လည်း ဆိုပါတယ်။
HURFORM စီမံကိန်းဒါရိုက်တာ နိုင်အဲမွန်က “မဲဆန္ဒနယ်မြေတွေ မရမက ယူပြီးတော့ နိုင်ငံတကာကို လုပ်ပြမယ့် သဘောတော့ ရှိတယ်။ အဲ့အတွက်လည်း ပိုက်စိပ်တိုက် ဖိအားပေးမှုတွေ လုပ်တယ်နော်။ မြေပြင်ရော၊ ဝေဟင်ရော၊ ဆိုတော့ ဆိုးကျိုးသက်ရောက်မှုက နောက်တဆလောက် ပြည်သူတွေ ထပ်ပြီးတော့ ခါးစည်းခံရမယ့် အနေအထားမှာ ရှိတယ်။ ဒီစစ်ဘေးရှောင်တွေ ထပ်တိုးလာတယ်။ ပြီးခဲ့တဲ့အခေါက် ပြီးခဲ့တဲ့အပတ်တင်ပဲ ၃၀,၀၀၀ ကျော်လောက် ထပ်တိုးလာတယ်။ သိသာထင်ရှားတယ်။ ရွာတွေ မီးရှို့ခံရတယ်။ ကျေးရွာပေါင်း ၈၀၀ လောက် မီးရှိုခံရပြီးတော့ အိမ်ခြေပေါင်း အလုံးရေ ၃၀၀ ကျော်လောက် ပြာကျသွားပြီ။ ပြီးရင် မတရားဖမ်းဆီးမှုတွေ အပါအဝင် နယ်မြေကန့်သတ် ပိတ်ပင်မှုတွေ မတရားလုပ်လာတယ်။ ဒီအခင်းအကျင်းက လုံးဝ ဖိနှိပ်ချုပ်ချယ်ပြီးတော့ ဖြစ်လာတယ်နော်။ အတင်းကြီးလုပ်တဲ့ အခင်းအကျင်း ဖြစ်တဲ့အတွက် ဒီကိစ္စတွေကို ကျနော်တို့ လျစ်လျူမရှုသင့်ဘူး။ ရွေးကောက်ပွဲ အနိုင်ရတယ်လို့ ကြေညာသည့်တိုင် ဒီအနိုင်ရလဒ်တွေသည် man made လို့ခေါ်တဲ့ လူကနေ တမင်လုပ်ယူပြီးတော့ ဖြစ်လာတဲ့ ချိုးဖောက်မှုတွေ ဖြစ်တဲ့အတွက် စစ်ကော်မရှင်မှာ လုံးဝ တာဝန်ရှိတယ်” လို့ ပြောပါတယ်။
အာဏာသိမ်း စစ်တပ်က နိုင်ငံတကာ အသိအမှတ်ပြု ခံရဖို့အရေး ရွေးကောက်ပွဲလုပ်ဖို့ အဲဒီလို စိုင်းပြင်းနေပေမဲ့ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အာဆီယံ သုံးပွင့်ဆိုင် ဆွေးနွေးမှုအပြီးမှာ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနဲ့ နိုင်ငံသားအားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်သင့်ကြောင်းနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုသာ အလေးပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
ဒါ့အပြင် နိုဝင်ဘာ ၅ ရက်က ကျင်းပတဲ့ နယူးဇီလန် ပါလီမန်လွှတ်တော်ကလည်း မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ ယုံကြည်လက်ခံနိုင်စရာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
မြတ်သဇင်




