
နာမည်ကြီးအကယ်ဒမီသရုပ်ဆောင်ဖြစ်သူ ဖွေးဖွေးကို အာဏာသိမ်း စစ်အုပ်စုက ရွေးကောက်ပွဲ ဝါဒဖြန့် ရိုက်ကူးရေးတွေမှာ မပါဝင်လို့ ဖမ်းဆီးလိုက်တယ်လို့ အနုပညာအသိုက်အဝန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြင်ဦးလွင်မြို့မှာ ဇာတ်ကားရိုက်နေတဲ့ ဖွေးဖွေးကို စစ်ကောင်စီဘက်က လာရောက်ဖမ်းဆီးသွားတာလို့လည်း ဆိုပါတယ်။
ဖွေးဖွေးနဲ့ ပတ်သက်ပြီး စစ်အုပ်စုဝါဒဖြန့် ကျော်မျိုးမင်းကလည်း နိုဝင်ဘာ ၅ ရက်က ရွေးကောက်ပွဲ ဝါဒဖြန့်ကိစ္စတွေမှာ မပါဝင်တဲ့အကြောင်း ပြောဆိုထားပြီး သရုပ်ဆောင် အလင်းရောင်ကိုပါ ထည့်သွင်း ပြောဆိုထားတာပါ။
အနုပညာအသိုက်အဝန်းနဲ့ နီးစပ်သူက "ဖွေးဖွေး အဖမ်းခံရတာက သေချာပါတယ်။ အလင်းရောင်ကတော့ မပါသေးဘူး။ အတည်မပြုနိုင်သေးဘူး။ ဖွေးဖွေးကိုတော့ ရိုက်ကူးရေးလုပ်နေတုန်း ဖမ်းသွားတာ" လို့ ပြောပါတယ်။
စစ်အုပ်စုက အနုပညာရှင်တွေကို ရွေးကောက်ပွဲ ဝါဒဖြန့် ကမ်ပိန်းတွေမှာ နိုဝင်ဘာ ၅ ရက်နေ့ နောက်ဆုံးထားပါဝင်ဖို့ ညွှန်ကြားထားပြီး မင်းသား အလင်းရောင်နဲ့ မင်းသမီး ဖွေးဖွေးတို့က နိုဝင်ဘာ ၅ ရက် ညနေအထိ ဆက်သွယ်လို့မရဘူးလို့လည်း ကျော်မျိုးမင်းက ပြောထားပါတယ်။
အောက်တိုဘာ ၃၀ ရက်ကလည်း စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အေးကြွယ်က ရန်ကုန်မြို့၊ ရွှေတောင်ကြားမှာရှိတဲ့ ရုပ်ရှင်လုပ်ငန်းရုံးမှာ အနုပညာရှင်တွေကို ခေါ်ယူပြီး ရွေးကောက်ပွဲ ဝါဒဖြန့်မှုတွေမှာ အနုပညာရှင်တွေ အားလုံးပါဝင်ကြဖို့ မပါဝင်ရင် အရေးယူသွားမယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီအစည်းအဝေး နောက်ဆက်တွဲပြီးတဲ့နောက် အနုပညာရှင်တွေကို ဝါဒဖြန့်မှုတွေမှာ ပါဝင်ဖို့ ဖိအားပေးတာတွေ ရှိပြီး အနုပညာရှင်တွေလည်း ဝါဒဖြန့် ဗီဒီယိုတွေ စပြီး ရိုက်ကူးနေပြီလို့လည်း အနုပညာအသိုက်အဝန်းကနေ သိရပါတယ်။
အနုပညာအသိုက်အဝန်းနဲ့ နီးစပ်သူက "ပြေတီဦး၊ အူဝဲ ရိုက်တယ်၊ မီးပွား၊ ဝိုင်း၊ ဩရသ၊ ဝင်းလွင်ထက်လည်း ရိုက်ပေးတယ်။ လူမင်းကတော့ သရုပ်ဆောင်အနေနဲ့ မဟုတ်ဘဲ ဒါရိုက်တာအနေနဲ့ လုပ်ပေးမယ်လို့ သိရတယ်။ ဝတ်မှုန်ရွှေရည်လည်း ရိုက်တယ်" လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲ ဝါဒဖြန့် ဇာတ်လမ်းဖြစ်တဲ့ ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ ဇာတ်လမ်းကို ဝေဖန်ခဲ့သူတွေနဲ့ ဝေဖန်တဲ့ အင်တာနက် လူမှုကွန်ယက်က စာတွေကို love react ခေါ်တဲ့ အသည်းပုံ တုံ့ပြန်ချက်တွေပေးခဲ့သူ အနုပညာရှင် ၅ ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။
နိုဝင်ဘာ ၆ ရက်ညမှာပဲ ဖွေးဖွေး ပြန်လည်လွတ်မြောက်လာခဲ့ပြီး အလင်းရောင် ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေ အင်တာနက် လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပေမဲ့ ဒီသတင်းအချက်အလက်နဲ့ ပတ်သက်ပြီး DVB က ဆက်လက် စုံစမ်းမေးမြန်းနေပါတယ်။


