
အမေရိကန်နိုင်ငံရေးလောကမှာ သြဇာအရှိဆုံး ပုဂ္ဂိုလ်တွေထဲက တယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ နန်စီ ပယ်လိုစီဟာ အနားယူတော့မယ်လို့ ကြေညာသွားပါတယ်။
လာမယ့် ၂၀၂၇ ဇန်နဝါရီလအတွင်း လွှတ်တော်အမတ် သက်တမ်းကုန်ဆုံးချိန်မှာ နောက်တကြိမ် အရွေးချယ်ခံတော့မှာ မဟုတ်ကြောင်း ပယ်လိုစီက အတည်ပြုလိုက်တာပါ။
နိုဝင်ဘာ ၆ ရက် ဗီဒီယိုထုတ်ပြန်ချက်ထဲမှာ “ကျမတို့ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့သလို တိုးတက်မှုတွေလည်း ရှိခဲ့ပါတယ်” ဆိုပြီး ပယ်လိုစီက နှုတ်ဆက်စကား ပြောဆိုခဲ့တာကို တွေ့ရပါတယ်။
အသက် ၈၅ နှစ်အရွယ် ပယ်လိုစီဟာ ပထမဆုံးနဲ့ တယောက်တည်းသော အမျိုးသမီး အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့အပြင် ဆယ်စုနှစ် ၄ ခုနီးပါးအထိ နိုင်ငံရေးဖြတ်သန်းမှု ကြီးမားပါတယ်။
ပယ်လိုစီဟာ အောက်လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို သက်တမ်း ၂ ကြိမ် ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၀၇ ကနေ ၂၀၁၁ ခုနှစ်အထိနဲ့ ၂၀၁၉ ကနေ ၂၀၂၃ ခုနှစ်အထိ သီးခြားစီဖြစ်ပါတယ်။
အမေရိကန်အခြေခံဥပဒေအရ အောက်လွှတ်တော်ဥက္ကဋ္ဌ ဆိုတာ သမ္မတနဲ့ ဒု-သမ္မတ ပြီးရင် တတိယမြောက် ရာထူးအမြင့်ဆုံးပုဂ္ဂိုလ်အဖြစ် အသေးစိတ် ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတဟောင်းတွေဖြစ်ကြတဲ့ ဘားရက်ခ် အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် အပါအဝင် ဘိုင်ဒင် လက်ထက်တုန်းက အခြေခံအဆောက်အအုံနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဥပဒေမူကြမ်းတွေကို အတည်ပြုနိုင်အောင် ပယ်လိုစီ အနေနဲ့ ကြီးကြပ်ပေးခဲ့ပါတယ်။
အဲဒီနောက် ဒေါ်နယ်ထရမ့်ပ်ရဲ့ သမ္မတသက်တမ်း တလျှောက်လုံးမှာတော့ ပယ်လိုစီက နိုင်ငံရေးအရ စိန်ခေါ်တာမျိုး ပြုလုပ်ခဲ့ပြီး နိုင်ငံတော်အခြေပြု မိန့်ခွန်း မိတ္တူစာရွက်ကို ဆုတ်ဖြဲပစ်ခဲ့တာဟာ လူသိများပါတယ်။
ဒါ့အပြင် ပယ်လိုစီက ထရမ့်ပ်ကို စွပ်စွဲပြစ်တင်နိုင်ဖို့ ၂ ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ပေမဲ့လည်း အောင်မြင်ခဲ့ခြင်းတော့ မရှိပါဘူး။
ဒါကြောင့် လက်ရှိသမ္မတဖြစ်တဲ့ ထရမ့်ပ်က ပယ်လိုစီ အနားယူတော့မှာကို “ဝမ်းသာတယ်” လို့ ဆိုတဲ့အပြင် “ဆိုးယုတ်တဲ့ အမျိုးသမီး” ဖြစ်တယ်လို့ပါ သုံးနှုန်းခဲ့ပါတယ်။
မကြာသေးခင်ကပဲ ပယ်လိုစီဟာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ Proposition 50 အမည်ရ ခရိုင်မဲဆန္ဒနယ်မြေ ပြင်ဆင်ရေးဆွဲမှုကို မဲခွဲအတည်ပြုနိုင်အောင် ထိန်းကြောင်းပေးခဲ့ပါတယ်။
၂၀၀၃ ကနေ ၂၀၂၃ အထိ အောက်လွှတ်တော်မှာ ဒီမိုကရက်တစ်ပါတီကို ဦးဆောင်ခဲ့တဲ့ ပယ်လိုစီဟာ အနားယူသွားပြီးရင်တောင် နိုင်ငံရေးအရ လွှမ်းမိုးနိုင်စွမ်း ရှိနေဦးမှာဖြစ်ကြောင်း သုံးသပ်ထားပါတယ်။
Source: Reuters


