Home
မြန်မာသတင်း
အင်ကြင်းမြိုင်လေတပ်နှင့် ဆည်တော်ကြီးစခန်းတို့ကို လက်လွှတ်ခဲ့ရဟု မတ္တရာ PDF အတည်ပြု
DVB
·
November 10, 2025

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့မြောက်ခြမ်းက ဆည်တော်ကြီးရွာတပ်စခန်းနဲ့ အင်ကြင်းမြိုင် လေကြောင်းကာကွယ်ရေးတပ်စခန်းတို့ကို တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၆ ရက်နေ့မှာ ပြန်လက်လွှတ်ခဲ့ရတယ်လို့ မတ္တရာ PDF တာဝန်ရှိသူက အတည်ပြုပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေနဲ့အတူ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း ၃၅ ခုအထိ သိမ်းပိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ ၂၀၂၄ ဇူလိုင်လ မှတ်တမ်းမှာ ဖော်ပြပါတယ်။ 

၂၀၂၅ ဇူလိုင်လကစပြီး PDF တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ စခန်းတွေကို စစ်ကောင်စီက ဆက်တိုက်ပြန်သိမ်းခဲ့ပြီး လက်ရှိအချိန်မှာ စခန်းအများစု ပြန်လက်လွှတ်ထားရတယ်လို့ မတ္တရာ PDF တာဝန်ရှိသူက ပြောပါတယ်။

မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုဒေါင်း က  “မတ္တရာမြို့နယ်အရှေ့မြောက်ခြမ်း ဆည်တော်ကြီးရွာနဲ့ အင်ကြင်းမြိုင် လေတပ်စခန်းကို စစ်ကောင်စီက စီးနင်းပြီး ရယူသွားပါပြီ။ ကျနော်တို့ မတ္တရာမြောက်ခြမ်း၊ တံငါမြောက်ရွာနဲ့ နေပူကုန်းရွာ၊ တမာကုန်း အရှေ့ထိပ်ပိုင်းတွေမှာလည်း စစ်သားတွေ ရောက်ရှိနေပြီလို့ သတင်းရရှိထားပါတယ်ဗျ။ ဒေသခံတွေကတော့ ကျနော်တို့ မတ္တရာတနယ်လုံး ပြေးရတာပဲ။ ပြည်သူတွေကတော့ စဉ့်ကူးဘက်တွေရော၊ သူတို့နီးစပ်ရာ မြောက်ပိုင်းလည်း ပြေးကြတယ်။ တချို့ကတော့ မြစ်ကိုကူးပြီးတော့ မန္တလေးဘက်တွေတို့၊ တခါပတ်ပြီးတော့ ပြေးကြတာတွေလည်း ရှိပါတယ်။ ပြည်သူအများကတော့ အကုန်လုံးပြေးနေရတယ်။ စစ်တပ်ကတော့ စစ်ကြောင်းထိုးပြီဆိုရင် ရှေ့မှာမြင်သမျှ အကုန်ပစ်တာပဲဗျ၊ ရန်သူ မိတ်ဆွေမ ခွဲခြားပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ဇူလိုင်လကစပြီး မန္တလေး-မတ္တရာ ကားလမ်းကို ပြန်စိုးမိုးနိုင်ခဲ့ပြီး မန္တလေး-မတ္တရာ-ပုသိမ်ကြီး နယ်အစပ်က ဖယောင်းတောင်သတ္တုတွင်း၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံတို့ကို ဆက်တိုက်ပြန်သိမ်းယူခဲ့တာပါ။ 

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို အပစ်ရပ်ဖို့ တရုတ်အစိုးရက ဖိအားပေးနေတဲ့အခြေအနေကို အခွင့်ကောင်းယူပြီး ရှမ်း-မန်းနယ်စပ် ဒေသကာကွယ်ရေးအဖွဲ့တွေကို စစ်ကောင်စီက ဖိအားပေးတိုက်ခိုက်ကာ ဆုံးရှုံးထားတဲ့ စခန်းနဲ့ နယ်မြေတွေကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ 

တော်လှန်ရေးအင်အားစုတွေအတွက် အရေးပါတဲ့ မိုးကုတ်မြို့ကနေ ထွက်ခွာဖို့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အောက်တိုဘာ ၂၉ ရက်နေ့မှာ ကြေညာပြီးနောက် မန္တလေးဒေသတွင်း PDF တွေဟာ စစ်ရေးဖိအားတွေအောက်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက “ကျနော် ဆော်ဩချင်တာတော့ ဒီလိုဗျ၊ မိုးကုတ်မြို့က စစ်ကောင်စီဆီကနေ ကျနော်တို့ တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ မြို့တွေထဲက တမြို့ပါ။ ဒါပေမဲ့ ထူးခြားတာက ကျနော်တို့ မိုးကုတ်က လားရှိုးလို လွယ်လွယ်ကူကူနဲ့တော့ မဖြစ်ဘူးလို့ ယူဆရတယ်ပေါ့နော်။ တဖက်ကလည်း ဒီဘက်ကလည်း တရားဝင်ထုတ်ပြန်ထားတာတွေ ရှိတယ်၊ နောက် ပြည်သူလူထုကလည်း သံပုံးတီးပြီးတော့ မြို့ခံရဲ့သဘောထားကိုပေါ့။ တရုတ် ကြားဝင်မှုကို လက်မခံဘူး ဆိုတာမျိုးကိုလည်း ဆန္ဒဖော်ထုတ်ထားတာရှိတဲ့အခါကျတော့ မိုးကုတ်မြို့ရဲ့ နိုင်ငံရေးအပြောင်းအလဲပေါ့။ TNLA ဆုတ်သွားတဲ့အပေါ်မှာ အပြောင်းအလဲက ကျနော်တို့ ဒီနွေဦးတော်လှန်ရေးတခုလုံးအတွက် အများကြီးရိုက်ခတ်နိုင်တယ်။ ဒီလို အခင်းအကျင်းတွေမှာ လာရောက်ပူးပေါင်းဆောင်ရွက်ပေးဖို့၊ နောက်တခုက အချင်းချင်း မဟာမိတ်ဆက်ဆံရေး အားကောင်းတဲ့ ပုံစံဖြစ်ဖို့ ဒီလိုမျိုးတည်ဆောက်ဖို့တော့ လိုတယ်။ ကျနော့်အနေနဲ့ ပြောချင်တာကတော့ နိုင်ငံရေးအရရော၊ စစ်ရေးအရရော၊ လူထုရဲ့ ပူးပေါင်းပါဝင်မှုအရရော။ ဒီ ၃ ခုစလုံးပေါင်းမှ ကျနော်တို့တော်လှန်ရေးက အထွတ်အထိပ်ရောက်မယ်လို့ ယူဆတယ်။ အဲဒီအတွက် ကျနော်တို့ ပြည်တွင်းထဲတင် မဟုတ်ဘူး၊ ပြည်ပမှာရှိတဲ့ နိုင်ငံတကာရောက် အင်အားစုတွေအနေနဲ့လည်း မိုးကုတ်မြို့နဲ့ ပတ်သက်တာ အားလုံးကို အားကေင်းအောင် ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ နှိုးဆော်ချင်ပါတယ်” လို့ ပြောပါတယ်။

မိုးကုတ်မြို့နဲ့ နယ်မြေချင်းစပ်ဆက်နေတဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်တွေမှာ တနေ့ထက်တနေ့ စစ်ရေးပြင်းထန်လာတဲ့အတွက် ဒေသတွင်းပြည်သူတွေအနေနဲ့ တိုက်ပွဲတွင်း ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုလုပ်ထားဖို့၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်ထားကြဖို့ မေတ္တာရပ်ခံကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်တွေအပါအဝင် မန္တလေးတိုင်း ၂၈ မြို့နယ်စလုံးကို ရွေးကောက်ပွဲ မဲဆန္ဒနယ်တွေအဖြစ် သတ်မှတ်ထားပြီး  မဖြစ်မနေ ရွေးကောက်ပွဲ ပြုလုပ်ဖို့ အားထုတ်နေတာပါ။ 

ဒီအခြေအနေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက စစ်ကောင်စီရဲ့ ထိုးစစ်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ခုခံကာကွယ်သွားမယ်လို့ ကြေညာချက်မှာဖော်ပြပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013