
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ အသိအမှတ်ပြုဖို့အတွက် လိုအပ်တဲ့ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှု၊ အားလုံးပါဝင်မှုနဲ့ ယုံကြည်စိတ်ချရမှုဆိုင်ရာ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့အကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းမှုနဲ့ မဲရလဒ်တွေကို ပယ်ဖျက်ခံရတဲ့ ၂၀၂၀ နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲဟာ ၅ နှစ်ပြည့်တဲ့အထိမ်းအမှတ် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ပြင်သစ်နိုင်ငံအနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် စစ်တပ် မတရားအာဏာသိမ်းယူပြီးကတည်းက နိုင်ငံရေး အကြောင်းပြချက်တွေကြောင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ချမှတ်ခံရသူအားလုံးကို လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်တာပါ။
အခုလာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲကတော့ စစ်တပ်က သူတို့ရဲ့ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျင်းပမယ့် ရွေးကောက်ပွဲသာဖြစ်ပြီး အသိအမှတ်ပြုဖို့အတွက် လိုအပ်တဲ့ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
အရပ်သားတွေကို အဓိကသားကောင်တွေအဖြစ် ပစ်မှတ်ထားပြီးတော့ လေကြောင်း တိုက်ခိုက်မှုတွေ အပါအဝင် ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကိုလည်း ပြင်သစ်နိုင်ငံက ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံရဲ့ အလွန်အမင်းဆိုးရွားလာတဲ့ လူသားချင်း စာနာထောက်ထားမှုအခြေအနေအပေါ် စိုးရိမ်မှုကိုလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ပဋိပက္ခအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တခုကို ရှာဖွေဖို့ အတွက် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြင်သစ်နိုင်ငံက ထောက်ခံကြောင်း ထပ်မံပြောကြားခဲ့သလို ဒီသဘောတူညီချက်အရ အကြမ်းဖက်မှုတွေ လျှော့ချဖို့နဲ့ အားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။
ပြင်သစ်နိုင်ငံအနေနဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံက ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန် အော့မန်ဟာရှင်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်တို့ရဲ့ ကြားဝင်စေ့စပ်ပေးမှု ကြိုးပမ်းအားထုတ်မှုတွေကို ချီးကျူးဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


