Home
နိုင်ငံတကာ
ကလေးပုံစံလိင်ဖျော်ဖြေရေးအရုပ်ရောင်းချမှုကြောင့် တရုတ်အွန်လိုင်းကုမ္ပဏီ Shein ၏ ပြင်သစ်ရှိ လုပ်ငန်းများ ရပ်ဆိုင်း   
DVB
·
November 9, 2025
Photo: REUTERS/Abdul Saboor

အွန်လိုင်းလက်လီရောင်းချတဲ့ တရုတ်ကုမ္ပဏီ Shein ရဲ့ ဝက်ဘ်ဆိုက်မှာ ကလေးပုံစံတူ လိင်ဖျော်ဖြေရေးအရုပ်တွေနဲ့ တားမြစ်လက်နက်တွေ ရောင်းချနေတာကို တွေ့ရှိခဲ့ပြီးနောက် ကုမ္ပဏီရဲ့လုပ်ငန်းလည်ပတ်ခွင့်ကို ရပ်ဆိုင်းထားဖို့ ပြင်သစ်အစိုးရက လုပ်ဆောင်နေပါတယ်။ 

ဒီအဖြစ်အပျက်ဟာ တရုတ်အခြေစိုက် Shein ကုမ္ပဏီက ပါရီမြို့မှာ ပထမဆုံး စတိုးဆိုင်ကို ဖွင့်လှစ်တဲ့နေ့မှာပဲ ဖြစ်ပွားခဲ့တာပါ။

ပြင်သစ်စားသုံးသူစောင့်ကြည့်ရေးအဖွဲ့က ဒီအရုပ်တွေကို Shein ရဲ့ ဝက်ဘ်ဆိုက်မှာ တွေ့ရှိခဲ့ပြီးနောက် လူထုရဲ့ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီး ကုမ္ပဏီအပေါ် ဖိအားတွေ ပိုမိုများပြားလာစေခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

ပြင်သစ် ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်အရ Shein ကုမ္ပဏီလုပ်ငန်းနဲ့ပတ်သက်လို့ ပြင်သစ်ဥပဒေတွေနဲ့ ကိုက်ညီကြောင်း သက်သေမပြနိုင်သရွေ့ လိုအပ်သလောက်ကာလအထိ လုပ်ငန်းလည်ပတ်ခွင့်ကို ဆိုင်းငံ့ဖို့ အစိုးရက စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ကုန်သွယ်ရေးနဲ့ အသေးစားလုပ်ငန်းများဆိုင်ရာဝန်ကြီး ဆာ့ဂျ်ပါပင်ကလည်း "ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ပုံဖော်ထားတဲ့ အရုပ်တွေနဲ့ လက်နက်တွေကိစ္စက တော်လောက်ပါပြီ" လို့ ပါလီမန်မှာ ပြောကြားခဲ့ပြီးနောက် Shein ကို ဆိုင်းငံ့ဖို့ အမိန့်ပေးခဲ့တာပါ။ 

ပါရီမြို့ရှိ BHV ကုန်တိုက်ကြီးရဲ့ ၆ ထပ်မှာ ဖွင့်လှစ်ခဲ့တဲ့ Shein စတိုးဆိုင်ဟာ နိုင်ငံရေးသမားတွေနဲ့ ပြည်တွင်းလက်လီရောင်းချသူတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

ဆိုင်ဖွင့်ပွဲနေ့မှာတော့ ကုန်တိုက်အပြင်ဘက်မှာ နာရီနဲ့ချီ တန်းစီစောင့်ဆိုင်းနေတဲ့ ဈေးဝယ်သူတွေကို ဆန္ဒပြသူတစုက ရှက်ဖို့ကောင်းတယ်လို့ အော်ဟစ်ဝေဖန်ခဲ့ကြပြီး အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက အတားအဆီးတွေနဲ့ ဆန္ဒပြသူတွေကို ထိန်းသိမ်းထားခဲ့ရပါတယ်။

ဆန္ဒပြသူတွေထဲမှာပါဝင်တဲ့ ကလေးသူငယ်အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့တာဝန်ရှိသူ တယောက်ကတော့ လိင်အရုပ်တွေရဲ့ နောက်ကွယ်မှာ အမြတ်ထုတ်သူတွေနဲ့ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ ရာဇဝတ်ကောင်တွေ ရှိနိုင်တယ်ဆိုတာကို သတိပေးဖို့ ရောက်ရှိလာတာလို့ ပြောပါတယ်။

Shein ကုမ္ပဏီဘက်တော့ သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ လိင်အရုပ်တွေရောင်းချတာကို ကမ္ဘာတဝန်း ပိတ်ပင်ခဲ့ပြီး ပြင်သစ်နိုင်ငံက သူတို့ရဲ့ ဈေးကွက်ကို ယာယီဆိုင်းငံ့ထားတယ်လို့ကြေညာခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြင်သစ်ဒစ်ဂျစ်တယ်ဝန်ကြီး အန်းလီဟာနန်ဖ်က Shein ရဲ့ လုပ်ဆောင်ချက်တွေကို စုံစမ်းစစ်ဆေးဖို့ ဥရောပကော်မရှင်ကို တောင်းဆိုခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ပြင်သစ်နိုင်ငံက အွန်လိုင်းပလက်ဖောင်းတွေကို စီမံခန့်ခွဲတဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှု အက်ဥပဒေအရ တရုတ်အွန်လိုင်း လက်လီရောင်းချသူကို စုံစမ်းစစ်ဆေးမှုစတင်ဖို့ တိုက်တွန်းခဲ့ပြီးနောက် နိုဝင်ဘာ ၇ ရက်မှာ Shein ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြောင်း EU အလုပ်အမှုဆောင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Shein အွန်လိုင်းအရောင်းကုမ္ပဏီကို ပြင်သစ်နိုင်ငံရဲ့ နှိမ်နင်းမှုဟာ အွန်လိုင်းဈေးတန်းမှာ အမြဲလိုလို ကြုံတွေ့ရတဲ့ ပြဿနာတရပ်ဖြစ်ပါတယ်။

အဲဒီပြဿနာတွေထဲမှာ တဆင့်ခံရောင်းချတဲ့ ဈေးသည်တွေနဲ့ အတုအပပစ္စည်းတွေ၊ တရားမဝင်၊ အန္တရာယ်ရှိပြီး မသင့်တော်တဲ့ ထုတ်ကုန်တွေ ရောင်းချမှုကို တားမြစ်ဖို့အတွက် သင့်လျော်သလို စောင့်ကြည့်ဖို့ ပျက်ကွက်မှုတွေလည်း ပါဝင်နေပါတယ်။ 

ကမ္ဘာတဝန်းရှိ ရောင်းချသူများစွာက သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ပြသ၊ ရောင်းချကာ တင်ပို့ခွင့်ပြုတဲ့ အွန်လိုင်းဈေးကွက် ပလက်ဖောင်းတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တိုးတက်လာခဲ့တာပါ။

အမေဇုန်၊ အလီဘာဘာ၊ တီးမူးနဲ့ ရှီအင်းစတဲ့ အွန်လိုင်းအရောင်းပလက်ဖောင်းတွေဟာ သုံးစွဲသူတွေကို အဆုံးမရှိ ဈေးနှုန်းချိုသာတဲ့ ထုတ်ကုန်တွေကို ကမ်းလှမ်းပြီးတော့ ဝင်ငွေတွေ ကြီးကြီးမားမား ရရှိခဲ့တာဖြစ်ပေမဲ့ ထုတ်ကုန်အားလုံးဟာ ဘေးကင်းရေးစံနှုန်းတွေ သို့မဟုတ် ဥပဒေစံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိပါဘူး။ 

အမေဇုန်ဟာ ၂၀၂၂ ခုနှစ်က ဗြိတိန်မှာ တရားမဝင်လက်နက်တွေ ရောင်းချမှုအတွက် ဝေဖန်ခံခဲ့ရပြီး ၂၀၁၈ ခုနှစ်မှာတော့ ကလေးတွေနဲ့ ပုံစံတူနေတဲ့ လိင်ဖျော်ဖြေရေးအရုပ်တွေကို ရောင်းချမှုအတွက် ဝေဖန်ခံခဲ့ရပါတယ်။

အလားတူ ပြဿနာတွေကြောင့် ပြင်သစ်နိုင်ငံမှာလည်း အစိုးရအနေနဲ့ Shein အွန်လိုင်းဈေးတန်းကို တားမြစ်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013