
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ပင်လောင်းနဲ့ ဖယ်ခုံဘက်ခြမ်းကို စစ်ကောင်စီ စစ်ကြောင်း ထပ် ထိုးလာလို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ နဲ့ ဖယ်ခုံအခြေစိုက် ခမရ ၃၃၆ တပ်တွေထဲကနေ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်တွေ စစ်ကြောင်းထပ်ထိုးလာလို့ နိုဝင်ဘာ ပထမပတ်လောက်စပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာလို့ စစ်ရေးသတင်းမြစ်တွေက အတည်ပြုပြောပါတယ်၊၊
မိုးဗြဲမြို့ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ မြို့အတွင်းပိုင်းနဲ့ စက်တော်ဘက်ခြမ်းတွေမှာ အထိုင်စွဲထားရာကနေ မိုးဗြဲမြို့ရဲ့ စိုးမိုးကုန်းတွေကို ပြန်ရဖို့အတွက် မြေပြင်အင်အားအပြင် လေကြောင်းပစ်ကူပါသုံးပြီး ထိုးစစ်ဆင်လာတာလို့ မိုးဗြဲမှာရှိနေတဲ့ DVB ရဲ့ စစ်ရေးရင်းမြစ်က ပြောပါတယ်။
“လောလောဆယ် မိုးဗြဲဘက်ကတော့ မနေ့ညကလည်း စောစောစီးစီး ထိတွေ့မှုရှိတယ်။ နာရီဝက် တနာရီ ထိတွေ့မှုတွေက ပုံမှန်ပါပဲ။ နှစ်ရက် သုံးရက် တကြိမ် အဲ့လိုပုံမှန်တော့ရှိတယ်။ ဒါပေမဲ့ မနေ့ညနဲ့ ဒီနေ့က ပိုပြီးပြင်းထန်တယ်။ လေယာဥ်ပါ လာကြဲတယ်ဆိုတော့။”
ပင်လောင်း-ဖယ်ခုံဘက်အခြမ်းမှာလည်း ပြီးခဲ့တဲ့လတုန်းက စစ်ကောင်စီတပ်နဲ့ PNO ပအိုဝ်းပြည်သူ့စစ်တွေ မီးဝင်ရှို့ခဲ့တဲ့ ဘောရန်ရွာမှာ လက်ရှိတော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုတွေဖြစ်နေတာလို့ ဖယ်ခုံမှာရှိနေတဲ့ DVB ရဲ့ စစ်ရေးရင်းမြစ်က ပြောပါတယ်။
ဘောရန်ရွာဟာ ပင်လောင်း-ဖယ်ခုံအစပ်က ရွာေရွာဖြစ်ပြီး ဘောရန်ရွာအပြင် တောင်စလုံး၊ မြောက်စလုံး ကျေးရွာတွေကို အောက်တိုဘာလဆန်းပိုင်းတုန်းက စစ်ကောင်စီတပ်တွေ မီးဝင်ရှို့ခဲ့လို့ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရဖူးတဲ့ ကျေးရွာတခုဖြစ်ပါတယ်။
ဒါ့အပြင် အခုတကြိမ်ထိုးစစ်မှာတော့ အဲ့ရွာတွေက ဒေသခံတွေကို ရွေးကောက်ပွဲမတိုင်ခင် နေရပ်ပြန်လာဖို့ အတင်းအကျပ် ဖိအားပေးနေတာကြောင့် တချို့ကတော့ နေရပ်ပြန်ကြတာမျိုး ရှိတယ်လို့ ဖယ်ခုံစစ်ရေးရင်းမြစ်က ပြောပါတယ်။
“သူတို့စစ်ကြောင်းက ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်လမ်းပိုင်းထိန်းချုပ်ပြီး မိုးဗြဲနဲ့ဖယ်ခုံမြို့ထဲကို ပြည်သူတွေပြန်လာအောင် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရွာတွေ စစ်ဘေးရှောင်စခန်းတွေကို လက်နက်ကြီး လေယာဥ်တွေနဲ့ပစ်နေတဲ့ အခြေအနေပါ။ ဖယ်ခုံဘက်မှာတော့ တချို့ပြန်နေနေတာရှိပေမဲ့ မိုးဗြဲကတော့ လုံးဝမရှိသေးပါဘူး။”
မိုးဗြဲမြို့ကို စစ်ကောင်စီတပ်တွေေ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ပြန်သိမ်းနိုင်ခဲ့တာဖြစ်ပြီး မြို့ထဲမှာ ကျန်နေတဲ့ ခမရ ၄၂၂ ကနေ အင်အားဖြည့်ပြီး အနီးနားရှိကျေးရွာတွေနဲ့ အာရှလမ်းမကြီးကိုပြန်ရဖို့ ထိုးစစ်တွေ ပြန်ဆင်လာနေတာပါ။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ ထုတ်ပြန်ချက်အရ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနဲ့ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံဘက်တွေကို အာဏာသိမ်းစစ်တပ်က စစ်မျက်နှာ ၅ ခုဖွင့်ပြီး ထိုးစစ်ဆင်လာနေတာလို့ ထုတ်ပြန်ထားပါတယ်။
မောရစ်


